မြိတ်တွင် အမျိုးသမီးများ အများဆုံးလုပ်ကိုင်နေသည့် အုန်းဆံကြိုးကျစ်လုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ

မြိတ်တွင် အမျိုးသမီးများ အများဆုံးလုပ်ကိုင်နေသည့် အုန်းဆံကြိုးကျစ်လုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာ

မြိတ်၊ ဒီဇင်ဘာလ ၂၅ ။               ။ စွန့်ပစ်ပစ္စည်းအုန်းခွံမှ တဆင့် အုန်းဆံကြိုးအဖြစ်သို့ ကျစ်သည့်လုပ်ငန်းမှာ ယခုနှစ်အတွင်း မြိတ်မြို့မှာ လုပ်ကိုင်သူများ နည်းပါးလာကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရသည်။

မြိတ်မြို့မှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင်က လှေကြီးများ၊ ကမ်းနီးငါးဖမ်းလှေများနှင့် စက်တပ်သမ္ဗာန်လှေငယ် များမှာ လှေထေးရာ၌ အများဆုံး အသုံးပြုသည့်ပစ္စည်းတစ်ခု ဖြစ်ပြီး၊ လက်ရှိမှာ သစ်သားလှေများ အသစ် ပြုလုပ်မှု လျော့နည်းလာရာမှ အုန်းဆံကြိုးများကို အသုံးပြုမှု လျော့ကျသွားခြင်း ဖြစ်သည်ဟု အဝယ်ဒိုင်ဆိုင် အချို့ထံမှ သိရသည်။

၄င်းလုပ်ငန်းကို အမျိုးသမီးများအများစုက နေအိမ်၌ တပိုင်တနိုင်လုပ်ကိုင်ခြင်း ဖြစ်ပြီး၊ ယခင်က မြိတ်မြို့ပေါ်ရှိ မြိတ်တောင် ကျေးရွာနှင့် မြိတ်တောင် နယ်မြေရှိ ရပ်ကွက်တို့တွင် လမ်း တချို့မှာ အများဆုံး လုပ်ကိုင် နေခြင်း ဖြစ်ကာ၊ လက်ရှိမှာ ကုန်ကြမ်းများကို လိုသလောက် ရနေသော်လည်း အလုပ်ပင်ပန်း၍ ရပ်နားလိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြိတ်တောင်နယ်မြေရှိ ရွှေလိပ်ပြာလမ်းနေ အုန်းဆံကြိုးရစ် လုပ်သက် ၂ နှစ်ခန့်ရှိ ဒေါ်ယုက “အရင်တုန်းက တော့ ဒီအလုပ်ကို လုပ်ကြတဲ့သူတွေ များပါတယ်၊ အခုနောက်ပိုင်း အုန်းခွံတွေ ထုရရိုက်ရ များလာတော့ နှစ်ရှည်လုပ်လာတဲ့သူတွေက မလုပ်နိုင်တော့ဘူး၊ ကျန်းမာရေးတွေ ထိခိုက်ပြီး နားလိုက်ကြတာ များပါတယ်၊ လုပ်တဲ့ သူတွေ သိပ်မရှိတော့ဘူး”ဟု ပြောသည်။

ယခင်က အုန်းဆံကြိုးရစ်လုပ်ငန်းနှင့်ပတ်သက်ပြီး၊ ကုန်းကြမ်းအဖြစ် အုန်းခွံများအား ကား ၁ စီးကို ၃ဝဝဝမှ ၄၀၀၀ ကြား ဝယ်ယူရခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ၄င်းလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာသည့်အပြင် အုန်းခွံများကို အခွံနွှံရုံများမှ အခွံများ များပြားလာရာမှ စည်းကမ်းမဲ့ မစွန့်ပစ်ရန် စည်ပင်မှ တားမြစ် လိုက်ပြီးနောက် ကျစ်လုပ်သူများကို အခမဲ့ လိုက်လံ ပို့ဆောင်ပေးခြင်းမျိုး ပြုလုပ်လာကြောင်း သိရသည်။

“ဒီအလုပ်က အိမ်မှာရှိတဲ့ အမျိုးသမီးတွေပဲ အများဆုံးလုပ်တာ ဖြစ်ပါတယ်၊ အိမ်မှာ ဒီအတိုင်းနေမဲ့အစား အပိုဝင်ငွေလေး ရအောင်လို့ လုပ်နေတာပါ၊ စီးပွားဖြစ်တော့ မဟုတ်ပါဘူး၊ တစ်နေ့ကို ပုံမှန် လုပ်ရင်တော့ ၃၀၀၀ ကျပ် လောက် ရပါတယ်၊ များများ လုပ်နိုင်ရင်တော့ ၄၀၀၀ မှ ၅၀၀၀ အထိ ရပါတယ်၊ မိသားစု အနေနဲ့ စီးပွားဖြစ်လုပ်ကိုင်တဲ့သူတွေ သိပ်မရှိပါဘူး၊ အဓိက ကတော့ အိမ်မှာ အလကားနေမဲ့အစား ကလေးမုန့်ဖိုးနဲ့ စျေးဖိုးလေးတွေ ရအောင်လို့ လုပ်ဖြစ်ပါတယ်”ဟု မြိတ်တောင် နယ်မြေရှိ အောင်ချမ်းသာလမ်းနေ ဒေါ်သူဇာအေးက ပြောဆိုသည်။

အဆိုပါ အုန်းဆံကြိုးကျစ် လုပ်ငန်းကို လုပ်ကိုင်သူ များ၏ ပြောဆို ချက်အရ လက်ဖြစ် ခန့်မှန်း တိုင်းထွာချက်မှာ ၁၈ တောင် ၁ စည်းကို ၁၃ဝမှ ၁၅၀ ကျပ် ရရှိကြောင်း သိရသည်။

“အခုက မြိတ်မှာ သစ်လှေတွေ အသစ် ပြုလုပ်တာ နည်းသွားတော့ ဒီအုန်းဆံကြိုးတွေ အသုံးပြုမှု လျော့ကျသွားတာပါ၊ နောက်ပြီး၊ အုန်းဆံကြိုးအစား လှေထေးရာမှ အသုံးပြုနိုင်တဲ့ (ရွှေကြိုး) လို့ ခေါ်တဲ့ ချည်ကြိုးတွေလည်း ဝင်နေတော့ စျေးကွက်ရဲ့သဘောတရားအရ ထိခိုက်မှုတွေ ရှိလာပါတယ်၊ ခေတ်အလိုက် အုန်းဆံကြိုးတွေ စျေးမြင့်တက်လာပေမယ့် အခုနောက်ပိုင်းမှာ လုပ်ရသူတွေက မလုပ်ရတော့ဘူး အခြေအနေ မျိုး ရောက်လာပါတယ်”ဟု တဆင့် ပြန်ဝယ်သူ ဒေါ်ချိုအေးက ပြောသည်။

အုန်းဆံကြိုးကျစ်နည်း အဆက်ဆက်မှာ ပထမဆုံး အုန်းခွံအား အောက်ပိုင်းကို ခုတ်ဖြတ်ပြီး၊ ဓားနဲ့ မွန်းကာ ရေစည်အိုနှင့် အခြားသော ရေတိုင်ကီပုံးများထဲတွင် ၂ ရက်ခန့် ရေစိမ်ထားရကြောင်း၊ ထိုနောက် သစ်လုံး သို့မဟုတ် သံပိုင်းများဖြင့် သစ်တုံးပေါ်တွင် တင်၍ ထုရိုက်ရပြီး၊ ယင်းနောက် ရေစိမ်အရည်ကို ညှစ်ထုတ်ပြီး၊ လက်ဖြင့် ပြန်ဆိတ်ကာ နေပူလှန်းရကြောင်း၊ ထိုအပြင် ပြန်သိမ်းပြီး၊ အမျှင်များကို ကြိုးပုံစံ ဖြစ်ရန် ကျစ်ရ ကြောင်း သိရသည်။

၄င်း အုန်းဆံကြိုးမှာ မြိတ်ဒေသတွင် ရေလုပ်ငန်းသုံး ကမ်းဝေး/ ကမ်းနီး ရေယာဉ်များ၊ စက်လှေများနှင့် သမ္ဗာန်လှေငယ်များတို့တွင် အသုံးပြုသည့် အပြင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ ငြမ်းဆင်ရာတွင်လည်း အသုံပြုကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly