မြောင်းမြတံတားသစ်တည်ဆောက်မှု ၇၆.၅ ရာခိုင် နှုန်းအထိ ပြီးစီး

မြောင်းမြတံတားသစ်တည်ဆောက်မှု ၇၆.၅ ရာခိုင် နှုန်းအထိ ပြီးစီး

ပုသိမ်၊ ဒီဇင်ဘာ ၂၅ ။          ။ ပြတ်ကျသွားသော မြောင်းမြတံတားနေရာတွင် အစားထိုးမည့် တံတားအသစ်တည်ဆောက်မှုမှာ ၇၆.၅ ရာခိုင် နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

“ နောက်ဆုံး သံဘောင်တော့ ကျန်တာပေါ့၊ တံတားတည်ဆောက်တဲ့ နည်းပညာက အရမ်း အရေးကြီးပါတယ်၊ သံဘောင်အပူချိန်နဲ့ ပတ်ဝန်းကျင်အပူချိန်နဲ့ သံဘောင်အနေအထား နောက်ဆုံး မူလီဖောက်ဖို့ကိစ္စက အစ အသေးစိတ် ဆောင်ရွက်နေပါတယ်။ သံဘောင်တစ်ကွက်ပဲ ကျန်တာပေါ့ ”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

မြောင်းမြတံတားအသစ်အား လာမည့်နှစ် မတ်လအကုန်တွင် ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ပြီး တံတားအသစ်အား ပြတ်ကျခဲ့သည့် ကြိုးတံတားဘေးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်၊

သံဘောင်တပ်ဆင်ခြင်း၊ သံဘောင်ပေါ်မှာ ကြမ်းခင်းပြားများ တပ်ဆင်ရမဲ့အပိုင်းရယ်၊ ပုသိမ်ဘက်ကမ်းမှာ သံဘောင်တပ်ဆင်ခြင်းလုပ်ငန်းများ ဒီဇင်ဘာလကုန်တွင် ပြီးစီးမည် ဖြစ်ပြီး၊ ပင်မတံတားသံဘောင် တပ်ဆင်သည့်အပိုင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြဘက်ကမ်း ကြမ်းခင်းများကို နိုဝင်ဘာလအကုန်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ တန် ၆၀ ခံနိုင်ဝန်ရှိ နှစ်လမ်းသွားတံတားဖြစ်ကြောင်း၊ တံတားမြန်မြန် ပြီးစီးရန် တာဝန်ရှိသူများက နေ့၊ ည ဆောင်ရွက်နေကြောင်း တည်ဆောက်ရေးတာဝန်ခံက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က လာမည့် ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန်မျှော်မှန်းထားကြောင်း ယခင်က ပြောဆိုထားသည်။

လက်ရှိတွင် တံတား၌ အသုံးပြုမည် သံဘာင်များနှင့်ယက်မများ ဂျပန် နည်းပညာဖြင့် ရန်ကုန်တွင် ထုတ်လုပ်ခြင်းဖြစ်ပြီး၊ တံတားပေါ်တွင်တပ်ဆင်မည် လက်ရန်းအား မြောင်းတကာသံမဏိစက်ရုံတွင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ ၁ ရက်က ပြတ်ကျသွားခဲ့သော ပြတ်ကျသွားသော မြောင်းမြကြိုးတံတားနေရာတွင် အစား ထိုးမည့် မြောင်းမြတံတားအသစ်တည်ဆောက်မှုကို ခန် ့မှန်းကုန်ကျစရိတ်အရ ၂၅ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပွ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အားဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတားသည် ယခုနှစ် ဧပြီလ ၁ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတားပြတ် ကျခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော Nissan UD အဖြူရောင်(၆)ဘီးကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင် စဉ် တံတားပြတ်ကျခြင်း ဖြစ်ပြီး အဆိုပါကုန်တင်ယာဉ်သည် ရွေးမြစ်အတွင်းသို့ ပြုတ်ကျသွားကာ မြောင်းမြမြို့ နတ်စင်လမ်းမှ ဦးအောင်ကြီး၏ ၆ဘီးကားယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နှင့်စပယ်ယာတစ်ဦး ပေါင်း ၂ ဦး သေဆုံးခဲ့သည်။

၁၉၉၄ ခုနှစ် စတင်တည်ဆောက်ပြီး၊ ၁၉၉၆ တွင် ပြီးစီးခဲ့သည့် အဆိုပါ မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် တစ်နိုင်ငံလုံး ကျန်ရှိသော ကြိုးတံတား ၂၉ စင်းကို ပြန်လည်စစ်ဆေး ပြင်ဆင်မှုများကို အစိုးရမှ ဆောင်ရွက်ခဲ့ သည်။

မြောင်းမြတံတားကို မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များ ကုန်စည်စီးဆင်းမှု ၊ ပြည်သူများ သွားလာမှုတို့ အတွက် အသုံးပြုနေသည့်တံတားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly