ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုများရှိနေဟု AA ဆို

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုများရှိနေဟု AA ဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ။            ။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တစ်ချို့တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ရဟတ်ယာဉ်အား အသုံးပြုတိုက်ခိုက်နေမှုများ ရှိနေသည်ဟု AA ဘက်က ပြောဆိုထားသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူများ ပိုမိုများပြားလာနေခဲ့ကာ ပုဏ္ဏားကျွန်းမြို့နယ် မီးချောင်းခုတ် နှင့် အဝ ကျေးရွာနှစ်ရွာမှ  လူဦးရေ ၁၂၀ ခန့်ရှိသည့် အိမ်ထောင်စု ၃၀ ကျော်သည် ဘူးသီးတောင်မြို့နယ် စိုင်းဒင်စျေးကျေးရွာကို တိမ်းရှောင်လာခဲ့ကြသည်။

တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် လူဦးရေသည် ၆၀၀ ခန့် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်တော်မြို့နယ် ယိုးချောင်းနှင့် တောဖျားချောင်းအကြား ပညာဝရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်  တပ်မတော်ဘက်မှ ရဟတ်ယာဉ်နှစ်စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟုလည်း ရက္ခိုင့် အဖွဲ့ AA ဘက်က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းတွင်လည်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခြင်းများ ရှိနေခဲ့သည်ဟု AA ဘက်ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မဇ္စျိမမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း သော်လည်း အစည်းအဝေးအတွင်း ရောက်ရှိနေခြင်းကြောင့် မအားလပ်ဟုသာ ပြန်လည်ဖြေဆိုခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့် အဖွဲ့ AA တို့အကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်နိမိတ် အနီးတွင် ဖြစ်ပွားလျက်ရှိရာမှ တောင်ပိုင်းသို့ ရွေ့လျားလာခဲ့ကာ ဒီဇင်ဘာလအတွင်း၌ တိုက်ပွဲဧရိယာမှာ ပုဏ္ဏားကျွန်း ၊ ကျောက်တော်နှင့် ရသေ့တောင်မြို့ အနီးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Institute for Peace and Security (MIPS)၏ အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် နိုဝင်ဘာလအတွင်း လက်နက်ကိုင်ပဋိပက္ခ ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒီဇင်ဘာလတွင် တိုက်ပွဲအရေအတွက် ပိုလာနိုင်ဖွယ်လည်း ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းထဲတွင်ပင် အပစ်အခတ်လျော့ချပြီးနိုင်ငံရေးအရဆွေးနွေးလိုသည်ဟု “၀” အဖွဲ့ ဦးဆောင်သည့် FPNCC အဖွဲ့ဝင်၊ မြောက်ပိုင်း ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်အဖွဲ့ (AA)၊ ပလောင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(TNLA)နှင့် မြန်မာတိုင်းရင်းသားများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA) တို့ ၃ဖွဲ့ကထုတ်ပြန် ခဲ့သေးသည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly