အမေရိကန်ကာကွယ်ရေးဌာနက စစ်တပ်အတွက် စူပါလူစက်ရုပ် (Cyborg) များကို တီထွင်ရန် စိတ်ကူးလျှက်ရှိဟုဆို

အမေရိကန်ကာကွယ်ရေးဌာနက စစ်တပ်အတွက် စူပါလူစက်ရုပ် (Cyborg) များကို တီထွင်ရန် စိတ်ကူးလျှက်ရှိဟုဆို

တီဟီရန်၊ စက်တင်ဘာ -၂၈ ။          ။ အမေရိကန် အဆင့်မြင့် သုတေသနစီမံကိန်းများ အေဂျင်စီ (DARPA)က စူပါစစ်သားများကို ဖန်တီးရန်အတွက် အမေရိကန်စစ်သားများ၏ ဦးနှောက်များအတွင်းသို့ လျှပ်စီးပတ်လမ်းပြားများ မြှုပ်ထည့်ခြင်းပါဝင်သည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လျှက်ရှိသည်ဟု နာမည်ကျော်စာရေးဆရာတစ်ဦး၏ ပူပူနွေးနွေးထွက်ရှိလာသည့် စာအုပ်တစ်အုပ်တွင်ပြော ကြားထားသည်။

အန်နီ ဂျက်ကော့ဆင်၏ ''ပင်တဂွန်ဦးနှောက် (The Pentagon's Brain)''ဟုအမည်ရသည့် စာအုပ်အရ အမေရိကန် ကာကွယ်ရေးဌာန၏ လျှို့ဝှက်သုတေသနအဖွဲ့က စစ်သုံးလူစက်ရုပ် (cyborg)များကို ဖန်တီးနိုင်ရန် စိတ်ကူးနေသည်ဟု Fusion သတင်းဌာနက စက်တင်ဘာ ၂၇ရက်နေ့က သတင်းပို့ခဲ့သည်။

Little, Brown and Company က ပုံနှိပ်ထုတ်ဝေသည့် DARPA သမိုင်း စာအုပ်ထဲတွင် အာရုံကြောအင်္ဂါတုကို ဦးနှောက်ထဲ မြှုပ်ထည့်ခြင်းကို လက်ရှိတွင် စမ်းသပ်နေပြီဖြစ်သည်ဟု ဆိုသည်။

ဂျက်ကော့ဆင်က အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း အမေရိကန်ကာကွယ်ရေးဌာနက သူမအား ဦးနှောက်ဒဏ်ရာရ စစ်သားများနှင့် တွေ့ဆုံမေးမြန်းခွင့်မပြုခဲ့ဟု ဆိုသည်။

ထိုအစီအစဉ်က စစ်ပွဲအတွင်း စိတ်ဒဏ်ရာ ရရှိသွားခဲ့ဲကြသည့် စစ်သားများ၏ ဦးနှောက်ကို ပြုပြင်ရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။

''အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန် ၂.၅သန်းအနက် ၃၀၀၀၀၀လောက်ဟာ ဦးနှောက်ဒဏ်တစ်ခုခုသင့်ပြီး အိမ်ပြန်ရောက်လာခဲ့ကြတယ်။ ဒီဦးနှောက်ပျက်စီးမှု တစ်ချို့ ကိုပြုပြင်ဖို့ DARPAက အစီအစဉ်တွေ လုပ်ခဲ့တာပါ။ ဒီအစီအစဉ်တွေဟာ အဓိကအားဖြင့်တော့ ဦးနှောက်တစ်ရှူးတွေထဲကို ဦးနှောက်လျှပ်စီးပြားတွေ မြှုပ်ထည့်တာပါ''ဟု ဂျက်ကော့ဆင်က ပြောကြားခဲ့ သည်။

ယမန်နှစ်ကလည်း Defense One မဂ္ဂဇင်းက စစ်သားများတွင် ဖြစ်ပေါ်လေ့ရှိသည့် ဒဏ်သင့်မှုနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်မှုကို ကုသရန်အတွက် DARPAက ဦးနှောက်လျှပ်စီးပြားများကို တီထွင်နေသည်ဟု ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly