ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ်ကျောင်းသား သေဆုံးမှုမှ ကျူးလွန်သူ ၃ ဦး ဖမ်းမိ

ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ်ကျောင်းသား သေဆုံးမှုမှ ကျူးလွန်သူ ၃ ဦး ဖမ်းမိ
ဓာတ္ပံု-Mandalay Police

ဒီဇင်ဘာ ၁၂ ။       ။ ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ်ကျောင်းသား စီးနင်းလာသည့်ဆိုင်ကယ်ကို ရိုက်နှက်လုယက်၍ လူသေဆုံးသွားခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးရမိပြီး ကျန်သူများကို ဆက်လက်ရှာဖွေနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးချက်အရ အုန်းချောကျေးရွာနေ ကုဋေစိုး(ခ)ငစိုး(၁၉)နှစ်နှင့် တစ်ရွာတည်းနေ မှုံကြီး(ခ)နေသူအောင်(ခ)ပြည့်စုံအောင်(၁၈)နှစ်အား ဖမ်းဆီးရမိခဲ့သည်ဟု ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ ၊ ညနေ ၃ နာရီ ၃ဝ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၊ အောင်ရတနာအမျိုးသမီးအဆောင်နေ မဇူးဇူးဟန်ကို(၁၈)နှစ် (ICT သတင်းအချက်အလက်ဆက်သွယ်ရေး ဒုတိယနှစ်၊ ရတနာပုံဆိုက်ဘာစီးတီး၊ နည်းပညာ တက္ကသိုလ်)သည် သူငယ်ချင်းဖြစ်သူ ဗိုလ်စောအမျိုးသားအဆောင်နေ ထက်လင်းသန့်(၁၈)နှစ်(ICT သတင်းအချက်အလက် ဆက်သွယ်ရေး ဒုတိယနှစ်၊ ရတနာပုံဆိုက်ဘာစီးတီး၊ နည်းပညာတက္က သိုလ်)မောင်းနှင်လာသည့် ရတနာပုံမြို့သစ်အိမ်ရာစီမံကိန်း ကျောက်ခင်းလမ်းအတိုင်း ၅ဝယ/××××× HONDA WAVE 110 စိမ်း/နက်ရောင် ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့သည်။

နောက်မှ အမည်မသိ အမျိုးသား(၃)ဦး စီးနင်းလိုက်ပါလာသည့် အမျိုးအစားမမှတ်မိ ဆိုင်ကယ်(၁)စီးမှာ ထက်လင်းသန့် မောင်းနှင်သည့် ဆိုင်ကယ်အနားသို့ ကပ်လာပြီး ဆိုင်ကယ်ချင်း ချိတ်မိအောင်ပြု လုပ်ခဲ့သဖြင့် ထက်လင်းသန့် ၏ ဆိုင်ကယ်မှာလဲကျသွားခဲ့ကြောင်း၊ အဆိုပါအမည်မသိ အမျိုးသား (၃)ဦးထဲမှ (၁)ဦးက သစ်သားတုတ်ဖြင့် ထက်လင်းသန့် ၏ ဦးခေါင်းအား ရိုက်နှက်ခြင်း၊ မဇူးဇူးဟန်ကို အား ရိုက်နှက်ခြင်းတို့ပြုလုပ်ကာ ထက်လင်းသန့်၏ဆိုင်ကယ်အားလုယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ 

ထက်လင်းသန့်တွင်  ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားပြီး မဇူးဇူးဟန်ကိုတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့်  ပြင်စာနယ်မြေရဲစခန်း(ပ)၁၇၆/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃ဝ၂/ ၃၉၄/ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းမိသူ ၂ ဦးကို စစ်ဆေးချက်အရ ဒီဇင်ဘာလ ၆ ရက်က မှုံကြီး(ခ)နေသူအောင်(ခ)ပြည့်စုံအောင်၊ နှစ်တစ်(ခ)ကိုကိုမောင်၊ ငမိုး(ခ) ကျော်နိုင်မင်း၊ စုရှ(ခ)ကျော်ကျော်သင်းနှင့် ကုဋေစိုး(ခ)ငစိုးတို့(၅)ဦးသည် ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်အိမ်ရာ စီမံကိန်းအတွင်းသို့ ကုဋေစိုး(ခ)ငစိုး၏ ဆိုင်ကယ်အား နှစ်တစ်(ခ) ကိုကိုမောင်မှ မောင်းနှင်၍ စုရှ(ခ)ကျော်ကျော်သင်းမှ လိုက်ပါစီးနင်း၍လည်းကောင်း၊ ကုဋေစိုး(ခ) ငစိုး၊ ငမိုး(ခ)ကျော်နိုင်မင်း၊ မှုံကြီး(ခ)နေသူအောင်(ခ)ပြည့်စုံအောင်တို့က လိုင်းကားဖြင့်လည်းကောင်း လာရောက်ခဲ့ကြောင်း၊ ပြင်စာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ကားဂိတ်တွင် ငါးဦး ပြန်လည်တွေ့ဆုံပြီး ဆိုင်ကယ်စီးလာသူများမှ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ လိုင်းကားဖြင့် လာသူများမှ ခြေလျင်ဖြင့်လည်းကောင်း၊ ရတနာပုံမြို့သစ်အိမ်ရာ စီမံကိန်းရှိ အဆောက်အဦအဟောင်းသို့ သွားရောက်ခဲ့သည်။

အဆောက်အဦအဟောင်းအတွင်းရှိ အကြော်ဆိုင်တွင် ထိုင်စားပြီး အဆောက်အဦအတွင်းတွေ့ရှိသော ဘုံကထိန်ပဒေသာပင်မှ သစ်သားချောင်း(၁)ချောင်းစီအား ရိုက်ချိုးယူ၍ပါလာသည့် ဆိုင်ကယ်ဖြင့် စုံတွဲများအား လုယက်ရန် လိုက်လံရှာဖွေခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ ထက်လင်းသန့်တို့(၂)ဦး စီးနင်းလာသော ဆိုင်ကယ်အားတွေ့ရှိသဖြင့် နှစ်တစ်(ခ)ကိုကိုမောင်၊ ငမိုး(ခ)ကျော်နိုင်မင်း၊ မှုံကြီး (ခ)နေသူအောင်(ခ)ပြည့်စုံအောင် တို့မှ အဆိုပါစုံတွဲနောက်သို့ လိုက်သွားကာ နှစ်တစ်(ခ)ကိုကိုမောင် က အမျိုးသမီးအား ရိုက်နှက်စဉ် အမျိုးသားမှာ ထွက်ပြေးသဖြင့် မှုံကြီး(ခ) နေသူအောင်(ခ) ပြည့်စုံအောင်နှင့် ငမိုး(ခ)ကျော်နိုင်မင်း တို့မှ အမျိုးသားအား အသင့်ယူလာသော သစ်သားတုတ်ဖြင့် ရိုက်ရာ အမျိုးသားမှာ လဲကျသွားကြောင်း၊ နှစ်တစ်(ခ)ကိုကိုမောင်မှ အဆိုပါ အမျိုးသားဆိုင်ကယ် အား မောင်းနှင်ပြီး ကုဋေစိုး(ခ)ငစိုး၊ စုရှ(ခ)ကျော်ကျော်သင်းတို့က နောက်မှလိုက်ပါစီးနင်းကာ မှုံကြီး(ခ) နေသူအောင်(ခ)ပြည့်စုံအောင်၊ ငမိုး(ခ)ကျော်နိုင်မင်းတို့မှ နောက်ထပ်ဆိုင်ကယ်(၁)စီးဖြင့် ပြန်လည်ထွက်ခွာလာကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ဆည်တော် လေးကျေးရွာနေ စုရှ(ခ)ကျော်ကျော်သင်း(၁၉)နှစ်အား အုန်းချောကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ ၃ ဦးမှာ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်ကြား လူငယ်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။

သေဆုံးခဲ့သည့် ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားမောင်ထက်လင်းသန့် (အသက် ၁၈ နှစ်)အား ၄င်းဇာတိဖြစ်သည် ပုသိမ်မြို့နယ်၊ကြက်ပေါင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ ့တွင် သဂြိုလ်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly