တံတားများ အဆင့်မြှင့်နေချိန်တွင် ကျောင်းသားနှင့်ဝန်ထမ်းများအား အခမဲ့ဇက်ကူးခွင့် ပေးမည်

တံတားများ အဆင့်မြှင့်နေချိန်တွင် ကျောင်းသားနှင့်ဝန်ထမ်းများအား အခမဲ့ဇက်ကူးခွင့် ပေးမည်
မြောင်းမြတံတားသစ် တည်ဆောက်ခြင်း စီမံကိန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-Ministry of Construction

ပုသိမ်၊ ဒီဇင်ဘာ ၁၁ ။             ။ ဧရာဝတီတိုင်းဒေသကြီးတွင် အဆင့်မြှင့်တင်မည့်တံတားများနှင့် အသစ်တည်ဆောက်မည့် တံတားများ ဆောက်လုပ်နေချိန်တွင် အများပြည်သူ သွားလာရေးအတွက် ဇက်ရေယာဉ်များ စီစဉ်ထားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား အခမဲ့ဖြတ်သန်းခွင့်ပြုမည်ဟု သိရသည်။

“ကျောင်းသားတွေ ရှိမယ်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ရှိမယ်။ ဒါတွေကို အခကြေးငွေ မယူဘဲ ကူးပေးမယ်၊ ပြည်တွင်းရေကြောင်းနဲ့ ညှိနှိုင်းပြီးတော့ ခရီးသည်တွေရော၊ လုပ်ငန်းရှင်တွေရော၊ အဆင်ပြေအောင် စီစဉ် ဆောင်ရွက်ဖို့ ရှိပါတယ်၊ ဇက်လည်း ရောက်ပြီး ၂ ရက်၊ ၃ ရက်လောက် စမ်းပြီးတော့ အဆင်ပြေချောမွေ ့ အောင် ကူးဖို့ ပြောထားတယ် ”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈-၁၉ ၌ ၀ါးခယ်မမြို့နယ်ရှိ ၀ါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် လပွတ္တာမြို့နယ်ရှိ ပင်လယ်လေးတံတားတို့အား အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကာ ၀ါးခယ်မမြို့နယ်ရှိ ကျွန်းကုန်းတံတားကို အသစ်တည်ဆောက်ပေးမည်ဖြစ်သည်။

အဆင့်မြှင့်တင်မည့် ကြိုးတံတားများ တည်ဆောက်ချိန်သည် အချိန်ကာလအားဖြင့် တစ်နှစ်ခန့်ကြာနိုင်ပြီး တံတားများ ပြန်လည်ပြင်ဆင်ချိန်တွင် သွားလာရေးအတွက် ဇက်များ စီစဉ်ပေးထားမည် ဖြစ်သည်။

ဇက်ကူးခအဖြစ် ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်၊ ဆိုက္ကား၊စက်ဘီးတစ်စီးကို ၂၀၀ ကျပ်၊ လူတစ်ယောက်လျှင် ၂၀၀ ကျပ် ဖြစ်သည်။

ကားကြီးများ ၁၆၀ စီး၊ ကားလေး တစ်လျှင် ၁၁၀ စီး၊ ဆိုင်ကယ် အစီး ၃၀၀ ကျော်ကို နေ့စဉ်  နံနက် ၆ နာရီမှ ည ၇ နာရီအထိ ဖြတ်သန်းခွင့်ပြုမည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်ရှိ ကြိုးတံတားနှစ်စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးပြီး၊ လပွတ္တာမြို့နယ်ရှိ ပင်လယ်လေးတံတား၊ ၀ါးခယ်မမြို့ရှိ ကျွန်းကုန်းတံတားတို့အား ပြည်ထောင်စုအစိုးရမှ အသစ်တည်ဆောက်ပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly