အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ခုနှစ်တွင် တိုးမြှင့်ပေးရန် အစိုးရ သုံးသပ်နေ

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ခုနှစ်တွင် တိုးမြှင့်ပေးရန် အစိုးရ သုံးသပ်နေ
ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဒီဇင်ဘာ ရရက်၊ ၂၀၁၈ခုနှစ်)။ ။ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို လာမည့် ၂၀၁၉ ခုနှစ်အတွင်း တိုးမြှင့်ပေးရန် အစိုးရက သုံးသပ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ပင်စင်ဝန်ထမ်းလစာကို တိုးဖို့အတွက် ဘယ်လိုနည်းနဲ့ တိုးရင်ကောင်းမလဲဆိုပြီး သုံးသပ်နေတယ်။ ပေးနိုင်မယ့် ခံနိုင်ရည်အပေါ်မှာ သုံးသပ်ပြီးရင်တော့ အဖြေထွက်လာမှာပေါ့။ နှစ်နဲ့ချီပြီးတော့ မကြာပါဘူး။ သိပ်မကြာအောင်တော့ လုပ်နေတယ်။ ၂၀၁၉ထဲမှာ ဖြစ်နိုင်ပါတယ်” ဟု ဒီဇင်ဘာ ရရက်က အမျိုးသား လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်အမတ် ဦးရဲထွဋ်က အစိုးရ၏ ရာထူး အဆင့် အသီိးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မည်သည့် အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူးအဆင့်နှင့် လုပ်သက်တူညီပါက တပြေးညီတူညီစွာ ခံစားခွင့် ပြုရန် အစီအစဉ် ရှိ၊ မရှိ လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ပင်စင်ဦးစီးဌာန၏ မှတ်တမ်းများအရ နှစ်စဉ်တိုးတက်လာသော ပင်စင်စားဦးရေမှာ ပျမ်းမျှအားဖြင့် လူဦးရေ ၄၀၀၀၀ ကျော်ခန့်ရှိပြီး သေဆုံးသွားသောကြောင့် နှစ်စဉ် လျော့နည်းသွားသော ပင်စင်စားဦးရေမှာ ၅၀၀၀ ခန့်သာ ရှိခြင်းကြောင့် နှစ်စဉ် ပင်စင်စားဦးရေမှာ အသားတင် လူဦးရေ ၃၅ဝဝဝခန့် တိုးတက်နေကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။

 

“၂၀၁၈ ဧပြီလ ၁ရက်နေ့ မတိုင်မီနဲ့ နောက်ပိုင်း ပင်စင်ခံစားလျက်ရှိတဲ့ အငြိမ်းစားတွေရဲ့ ပင်စင်လစာကို ၁.၄. ၂၀၁၈ရက် မှာတိုးမြှင့်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားများအတိုင်း အခြေခံပြီး တိုးမြှင့်ပေးမည်ဆိုရင် ကျပ်ဘီလီယံ ၂၃ဝခန့် သုံးစွဲရန် တွက်ချက်ရရှိပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံဝန်ထမ်းလစာတိုးမြှင့်သည့်အချိန်တိုင်း ၎င်းအချိန် မတိုင်မီက အငြိမ်းစားယူခဲ့သူများ၏ ပင်စင်စာတိုးမြှင့် သတ်မှတ်ပေးရန်ကိစ္စသည်တင်ပြပါ အခြေအနေများအရသာ နိုင်ငံတော်အစိုးရက နိုင်ငံတော်၏ဘဏ္ဍာ ရန်ပုံငွေ အခြေအနေပေါ် ချင့်ချိန်၍ သုံးသပ်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်းနှင့် ၂၀၁၈ခုနှစ် ဧပြီလ လစာ နှုန်းတိုးမြှင့်ပြီး နောက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်ရေးကိစ္စအပေါ် နိုင်ငံတော်အစိုးရက သုံးသပ်ဆောင်ရွက် ဆဲ ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်အကျိုးခံစားခွင့်အတွက် ၎င်းတို့ပင်စင်ယူသည့် အချိန်ရှိ တည်ဆဲ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက် များနှင့်အညီ နောက်ဆုံးထုတ်လစာကို အခြေခံတွက်ချက်၍ ခံစားခွင့်ပြုခဲ့ခြင်းဖြစ်ရာ အငြိမ်းစားယူသည့် အချိန်ကာလ ကွာခြားမှုအရ လစာနှုန်းသစ်ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာနှင့် လစာနှုန်းဟောင်း ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာမှာ ကွာခြားမှုရှိမည်ဖြစ်သည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

၂၀၁၅ခုနှစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများတိုးမြှင့်ခဲ့စဉ် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ်မူ တည်၍ ယခင်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ၁၀.၄.၂၀၁၅ ရက်စွဲပါကြော်ငြာစာဖြင့် ပင်စင်ခံစားနေသည့် နို်င်ငံ့ ဝန်ထမ်း အငြိမ်းစားများ(တပ်မတော်အငြိမ်းစားများအပါအဝင်) အား လက်ရှိပင်စင်လစာအပြင် အနိမ့်ဆုံး ဝန်ထမ်းများ၏ အခြေခံလစားနှုန်းအား တိုးမြှင့်သတ်မှတ်ပေးသည့် ကျပ် ၄၅၀၀၀ ပေါ်တွင် တည်ဆဲပင်စင် ဥပဒေနှင့် အညီတွက်ချက်၍ တိုးမြှင့် ပင်စင်လစာအဖြစ် ၂၀၁၅ခုနှစ် ဧပြီလတွင် စတင်ခံစားခွင့်ပြုခဲ့သည်။

“၂၀၁၅ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှာ တိုးမြှင့်ခဲ့တဲ့ လစာနှုန်းထားအတိုင်း ၂၀၁၅ ဧပြီ ၁ရက် မတိုင်မီ အငြိမ်းစားယူခဲ့သာ ဝန်ထမ်းများကိုပါ ပင်စင်လစာတိုးမြှင့်ခွင့်ပြုမည်ဆိုပါက ကျပ်(၃၁၉)ဘီလီယံ တိုးမြှင့်သုံးစွဲရမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေအရ တိုးမြှင့်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ လစာကျပ် ၄၅ဝဝဝအပေါ်မှာ မူတည်ပြီး တည်ဆဲပင်စင် နည်းဥပဒေနဲ့အညီ တွက်ချက် ခံစားခွင့်ပြုခဲ့တဲ့အတွက် နိုင်ငံတော်အနေနဲ့ ပင်စင်နဲ့ ဆုကြေးပေါ်မှာ ကျပ်(၂၀၅)ဘီလီယံ ပိုမိုတိုးမြှင့် သုံးစွဲခဲ့ရပါတယ်” ဟု ဒုဝန်ကြီးက ပြောသည်။

ယခုနှစ် ဩဂုတ်လကုန်အထိ ပင်စင်လစာ ခံစားလျက်ရှိသည့် အငြိမ်းစားဦးရေမှာ ၈၁၂၉၆၆ ဦးရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly