နောက်ဖေးလမ်းကြားအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများ ရှင်းလင်းထားရန် စည်ပင်ကြေညာ

နောက်ဖေးလမ်းကြားအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများ ရှင်းလင်းထားရန် စည်ပင်ကြေညာ
ရန်ကုန်မြို့တွင်းနောက်ဖေးလမ်းကြားရှင်းလင်းနေပုံ

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ။           ။ ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများတွင် ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦများကို ရှင်းလင်းပေးထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်မြို့နယ်များရှိ နောက်ဖေးလမ်းကြား များကို အမှိုက်သိမ်းရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ခြင်းကြောင့် “နောက်ဖေးလမ်းကြားများအတွင်း ကျူးကျော်တည်ဆောက်ထားသောအဆောက်အဦများ၊ အမိုးအကာများကို ကြိုတင်ရှင်းလင်းထားကြရန်နှင့် စည်းကမ်းမဲ့အမှိုက်များ ထပ်မံမစွန့်ပစ်ကြရန်အသိပေးပါသည်” ဆိုသည့် သတိပေးစကားကို စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပွင့်လင်းရာသီ နောက်ဖေးလမ်းကြား အမှိုက်သိမ်းဆည်း ရှင်းလင်းမှုများကို ဒီဇင်ဘာ ၄ရက်ကစတင်ကာ ကြည့်မြင်တိုင်မြို့နယ်၌ စတင် လုပ်ဆောင်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ဖေးလမ်းကြားရှိ အမှိုက်များ သိမ်းဆည်းမှုများ အပြင် လမ်းကြား၌ ရှိနေသည့်သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း ၊ ကျူးကျော်နေအိမ်များ ဆိုင်ခန်းများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ ရပ်ကွက်နေပြည်သူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး  လက်ရှိတွင် ရန်ကုန် မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ရှင်းလင်းပေးထားပြီး ဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားများကို ရှင်းလင်းပြီးနောက် တစ်ချို့သော ရပ်ကွက်တွင်းနေထိုင်သူ စည်းကမ်းမဲ့သူအချို့ကြောင့် ရှင်းလင်းပြီး နောက်ဖေးလမ်းကြားများအတွင်း အမှိုက်များ ပြန်လည်ကျရောက်ခြင်း များ ရှိနေခဲ့သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက သိရသည်။

ယင်းအတွက်ကြောင့် နောက်ဖေးလမ်းကြားအတွင်း ပြန်လည်ကျရောက်နေသည့် အမှိုက်များကို လမ်းနေပြည်သူများမှ တာဝန်ယူသိမ်းဆည်းပြီး စုပုံအမှိုက်များအား သက်ဆိုင်ရာမြို့နယ် သန့်ရှင်းရေးတာဝန်ခံများထံ ဆက်သွယ်ပြီး စွန့်ပစ်နိုင်ကြောင်း  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly