ဒေသအချို့ ညအပူချိန်လျော့ပြီး အအေးပိုလာ၊ သီပေါတွင် နှစ် ၅၀ အတွင်း စံချိန်တင်

ဒေသအချို့ ညအပူချိန်လျော့ပြီး အအေးပိုလာ၊ သီပေါတွင် နှစ် ၅၀ အတွင်း စံချိန်တင်

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။                ။ မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ညအပူချိန်များလျော့ကျပြီး အအေးပိုလာပြီး သီပေါမြို့နယ်တွင် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သီပေါမြို့တွင် ဖြစ်ပေါ်ခဲ့သည့် ညအပူချိန် ၄ ဒီဂရီစင်တီဂရိတ်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ် တင်ခဲ့ခြင်းလည်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ၏ ပျှမ်းမျှအပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ် ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီ စင်တီဂရိတ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကြောင်းသိရသည်။

“အာရှကုန်းတွင်းပိုင်း မြောက်ဖက်အရပ်မှ လေအေးများဟာ အိန္ဒိယတိုက်ငယ် နဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဖက်ဆီသို့ တိုးဝင်လာမှုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း နဲ့ အရှေ့မြောက် ပိုင်းဒေသများတွင် ညအပူချိန်များကျဆင်းလာပြီး အအေးပိုလာတာကို တွေ့ရပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်ထားသည်။

ထူးခြားညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် ၀ ဒီဂရီစင်တီဂရိတ်(ရေခဲမှတ်) ၊ ဟဲဟိုးမြို့တွင် ၂ ဒီဂရီ စင်တီဂရိတ် ၊ သီပေါမြို့တွင် ၄ ဒီဂရီစင်တီဂရိတ်အထိ ရှိနေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly