ရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေ ချေးယူခွင့် လွှတ်တော် ဆိုင်းငံ့

ရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေ ချေးယူခွင့် လွှတ်တော် ဆိုင်းငံ့
Photo: Mizzima

နေပြည်တော်(နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်း စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် ပြည်ပချေးငွေ ချေးယူခွင့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုသေးဘဲ ဆိုင်းငံ့ထားလိုက်သည်။

ရန်ကုန်မြို့တွင် မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများနှင့် မြို့ပြယဉ်ကျေးမှုထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ရန် ပြစ်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုငွေ သန်း ၇၀ ချေးယူလိုကြောင်း သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည့်အပေါ် အတည်မပြုသေးဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

“ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ၇၀ ရယူရန် ကိစ္စနှင့် စပ်လျဉ်းပြီး မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ် လေ့လာဖို့ လိုမယ်လို့ သုံးသပ်ရရှိပါတယ်။ ဒါ့ကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်နာယက ဦးတီခွန်မြတ်က နိုဝင်ဘာ ၂၆ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဋ္ဌာနအဖွဲ့အစည်းများ၊ လွှတ်တော်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပြီး လွှတ်တော်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လာမည့် ဒီဇင်ဘာ ၃ရက်ထက် နောက်မကျဘဲ လွှတ်တော်သို့ တင်သွင်းရန် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို လွှတ်တော်နာယကက ညွှန်ကြားထားသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့် ယင်းချေးငွေကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများကို ခေါ်ယူမေးမြန်းသွားမည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဒုဥက္ကဋ္ဌ(၁)ဖြစ်သူ ဦးအောင်မင်းက “ဒါ လွှတ်တော်နာယကရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီချေးငွေသည် မခိုင်မာလို့၊ နိုင်ငံတော်အတွက် အကျိုးမပြုဘူးလို့ မဟုတ်ပါဘူး။ ပိုမိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေကို ဖော်ပြနိုင်ဖို့လို့ ယူဆပါတယ်’’ ဟု ဆိုသည်။

ရန်ကုန် မို့တွင်း ရေကြီး၊ ရေလျှံမှု ကို ကာကွယ်ရန် ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတူးဖော်ခြင်း၊ မြစ်ကမ်းပါးအလှဆင်ခြင်း၊ ပုဇွန်တောင်စျေးအဆင့်မြှင့်တင်ခြင်း၊ ပန်းခြံအဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို အဆိုပါ ချေးငွေဖြင့် ဆောင်ရွက်မည့်အပေါ် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၆ဦးက ကန့်ကွက်ထားသည်။

ထို့ပြင် အခြား လွှတ်တော်အမတ် ၃ဦးကလည်း ချေးငွေများကို အလေအလွင့် မရှိစေရန် သုံးစွဲသင့်ကြောင်း လွှတ်တော်တွင် ထောက်ပြဆွေးနွေးထားသည်။

လွှတ်တော်အမတ်များ၏ ကန့်ကွက်ဆွေးနွေးမှုများအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကိုယ်စား လွှတ်တော်သို့ လာရောက် ရှင်းလင်းသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းကမူ ယင်းချေးငွေကို လွှတ်တော်က အတည်ပြုပေးရန် တောင်းဆိုသည်။

‘‘ရန်ကုန်မြို့တော်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်သလို နိုင်ငံကိုကိုယ်စားပြုတဲ့ ပြယုဂ်မြို့တော်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် အား သန့်ရှင်း၊ သပ်ရပ်၊ သာယာ လှပ၊ ဖွံ့ဖြိုးစည်ပင်အောင် မလုပ် နိုင်ပါက နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် အလှမ်းဝေးသော အနေအထားတွင် ရှိမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

အထက်ပါ စီမံကိန်းများသည် ပြည်ပချေးငွေဖြင့် ဆောင်ရွက်စရမလိုကြောင်း ကန့်ကွက်သည့် လွှတ်တော်အမတ်များက ပြောကြားသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်မောင်မောင်က “တွေ့တိုင်း၊ ကြုံတိုင်း ချေးမယ့်သူရှိနေတိုင်း ပိုက်ဆံတွေ လိုက်ချေးနေတာ အဓိပ္ပာယ် မရှိဘူး။ တစ်ကယ်လိုသလား လုပ်လိုက်ပါ” ဟု  ဆိုသည်။

ဂန့်ဂေါမြို့နယ်အမတ် ဒေါ်ယဉ်မင်းလှိုင်ကလည်း အခြေခံလိုအပ်ချက် များပြားနေသည့် မြန်မာနိုင်ငံတွင် အရေးကြီးလိုအပ်ချက်၊ မရှိမဖြစ် လိုအပ်ချက်ဟူ၍ ခွဲခြားပြီး ပြည်ပချေးငွေများကို အသုံးပြုသင့်ကြောင်း ထောက်ပြပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly