အပြုသဘောဖြင့် ဝေဖန်၊ ထောက်ပြကြရန် သမ္မတ ဦးဝင်းမြင့် ပြော

အပြုသဘောဖြင့် ဝေဖန်၊ ထောက်ပြကြရန် သမ္မတ ဦးဝင်းမြင့် ပြော
(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)

နေပြည်တော်(နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၈ခုနှစ်)။     ။ ဝေဖန်၊ ထောက်ပြမှုများ မရှိပါက ဒီမိုရေစီမရှိနိုင်ဟု လက်ခံထားသော်လည်း အပြုသဘောအမြင်ဖြင့် ဝေဖန်စေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသူများက သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၃ရက်က ကတိသစ္စာပြုစဉ် သမ္မတဦးဝင်းမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ ဆွေနွေးပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်၊ ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရေးကို ဦးတည်ပြီး အပြုသဘောအမြင် ဖြစ်စေလိုပါတယ်” ဟု သမ္မတက ပြောသည်။

သတင်းမီဒီယာများ အကြောက်တရားကင်းကင်းဖြင့် ယခင်ကထက် လွတ်လပ်ပွင့်လင်းစွာ ရေးသားဖော်ပြလာမှုကို ကြိုဆိုရမည်ဖြစ်သော်လည်း ရေးသား၊ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင်လွဲမှားပြီး အပျက်သဘော သက်ရောက်သွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်ကြောင်းလည်း သမ္မတက ဦးဝင်းမြင့်က ပြောသည်။

“သတင်းမီဒီယာများ အကြောက်တရားကင်းကင်းနဲ့ ယခင်ကထက် လွတ်လပ်ပွင့်လင်းစွာ ပိုမိုရေးသား ဖော်ပြလာတာကို ကြိုဆိုရမှာဖြစ်သလို ဥပဒေနဲ့ မလွတ်မကင်းတဲ့အခါ အမှုအခင်းများ ဖြစ်လာတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီမိုကရေစီကို ရှင်သန်စေချင်တယ်ဆိုရင် ဥပဒေကို လေးစားရမှာဖြစ်လို စဉ်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။

ထို့ပြင် သတင်းမီဒီယာကောင်စီဝင်များကိုလည်း ဥပဒေနှင့်အညီ တာန်ကျေပွန်အောင် ထမ်းဆောင်ကြရန်လည်း သမ္မတက မှာကြားခဲ့သေးသည်။

“သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ကောင်စီရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်ဖို့၊ သတင်းမီဒီယာများရဲ့ ရပိုင်ခွင့်များ ရရှိဖို့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းများကို သတင်းမီဒီယာများက လိုက်နာစေဖို့ လေ့ကျင့်ပေးကာ ဟန်ချက်ညီ မျှတအောင် ဦးတည်ကြိုးပမ်းရင်း တစ်ဖက်ကလည်း ပြည်သူများရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာ ဖြစ်ပါတယ်” ဟု ကောင်စီဝင်များ၏ ကတိသစ္စာပြုပွဲတွင် သမ္မတက ပြောသည်။

သတင်းမီဒီယာကောင်စီဝင်တစ်ဦးဖြစ်သူ ဦးဇေယျာလှိုင်က “သမ္မတပြောတဲ့ မိန့်ခွန်းကတော့ အားရစရာ ကောင်းပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲမှာ မီဒီယာ Soft Power အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေးမှာ ထိန်းကျောင်းပေးဖို့၊ လိုတာရှိတာတွေ ထောက်ပြပေးဖို့ လိုတယ်ဆိုတာကို ပြောတဲ့အတွက် အားရကျေနပ်မှု ရှိပါတယ်” ဟု ကတိသစ္စာပြုပွဲအပြီးတွင် ပြောကြားသည်။

အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေချိန် မီဒီယာများအနေဖြင့် တိုင်းရင်းသားအချင်းချင်းအကြား အမုန်တရားနှင့် ပဋိပက္ခများ ပြင်းထန်၊ မြင့်မာ မလာရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း သတင်းမီဒီယာကောင်စီက ဦးဆောင်ချမှတ်ပေးရန် လိုအပ်သည်ဟုလည်း သမ္မတဦးဝင်းမြင့်က ပြောဆိုသည်။

“ထိလွယ်၊ ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ရင် ဘယ်လို ဖော်ပြရမယ်၊ ဘယ်အရာတွေကို သတိပြုရမယ် စတဲ့ ပဋိပက္ခသတင်းဆိုင်ရာ ရေးသား ထုတ်လွှင့်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာပေးကြဖို့ သတင်းမီဒီယာကောင်စီက ကြီးကြပ်ပေးစေလိုပါတယ်” ဟု သမ္မတက တိုက်တွန်းသည်။

ကတိသစ္စာပြုပွဲအပြီး သမ္မတနှင့်တွေ့ဆုံစဉ် ရိုက်တာသတင်းထောက်နှစ်ဦး၏ မိသားစုများကို ငဲ့ညှာရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ) မှ ဦးဆောင်အဖွဲ့ဝင်ဖြစ်သည့် ဦးလှိုင်းသစ်ဇင်ဝေ(ခ)ဦးသာလွန်ဇောင်းထက်က တင်ပြရာ ဥပဒေကြောင်းအရ ပြန်လည်ကြည့်ရှုပေးမည်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်ဟု PCMJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Eleven သတင်း မီဒီယာက တင်ပြသည့် နိုင်ငံတော် သမ္မတထံသို့ ပေးစာတစ်စောင်၊ ရိုက်တာသတင်းထောက် ကိုဝလုံး ၏ဇနီး မပန်းအိမွန်နှင့် ကိုကျော်စိုး ဦး၏ ဇနီးတို့ လက်မှတ်ရေးထိုးပေးအပ်သည့် အသနားခံစာတစ် စောင်၊ ထောင်သွင်းအကျဉ်းကျခံ နေရသော ဒုရဲမှူး မိုးရန်နိုင်၏ဇနီးပေးအပ်သည့် အသနားခံစာတစ် စောင် စုစုပေါင်း စာသုံးစောင်ကိုလည်း သမ္မတလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း PCMJ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly