ပြည်တွင်းပဋိပက္ခဖြေရှင်းရာတွင် မှတ်သားလောက်သည့် ပြေလည်မှုများကို နိုင်ငံတကာအသိအမှတ်ပြုသင့်ဟု ကာဒီနယ်ချားလ်စ်ဘို ပြောကြား

ပြည်တွင်းပဋိပက္ခဖြေရှင်းရာတွင် မှတ်သားလောက်သည့် ပြေလည်မှုများကို နိုင်ငံတကာအသိအမှတ်ပြုသင့်ဟု ကာဒီနယ်ချားလ်စ်ဘို ပြောကြား
ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၈ခုနှစ်)။      ။ ကမ္ဘာ့အမြင်တွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ဖြေရှင်းရာတွင် မှတ်သားလောက်သည့် ပြေလည်မှုများကို နိုင်ငံတကာက အသိအမှတ်ပြုသင့်ကြောင်း ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အချို့နေရာများမှာ ဖြစ်ပျက်နေတဲ့ကိစ္စများဟာ ကမ္ဘာ့တိုင်းပြည််များရဲ့ အာရုံကို ဖမ်းစားနေကြပါတယ်။ ပြည်တွင်း ပဋိပက္ခ ဖြေရှင်းရာမှာ မှတ်သားလောက်တဲ့ ပြေလည်မှုများကို ဒီအပြည်ပြည်ဆိုင်ရာအုပ်စု(ကမ္ဘာ့အုပ်စု)ဘက်မှ အသိအမှတ်ပြုသင့်ပါတယ်” ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့မှ မြန်မာနိုင်ငံ၏ ဦးစီးနာယလည်းဖြစ်သူ ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် နိုဝင်ဘာ ၂၁ရက်က ကျင်းပသည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်းတွင် အမှာစကားပြောကြားစဉ် ကာဒီနယ်ချားလ်စ်ဘိုက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပဋိပက္ခများအပေါ် ကမ္ဘာ့တိုင်းပြည်များ၏ ထင်မြင်သုံးသပ်ချက်များ ကွဲပြားကြသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကြိုပမ်းမှုများကို အပြည့်အဝ အားပေးထောက်ခံကြောင်းလည်း ကာဒီနယ်ချားလ်စ်ဘိုက ထည့်သွင်း ပြောဆိုသည်။

နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များအတွက် ဖြစ်စေ၊ ယဉ်ကျေးမှုနှင့် လူမျိုးဆိုင်ရာ ကိစ္စရပ်များအတွက်ဖြစ်စေ ဒေသတချို့တွင် တင်းမာမှုများရှိနေကြသော်လည်း ပဋိပက္ခကြောင့် စိတ်ဝမ်းကွဲနေကြသည့် ပါတီအုပ်စုများအား ညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးရနိုင်သည်ကို ယုံကြည်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အရေးပါသည့် ပုဂ္ဂိုလ်များမှာ အမျိုးသမီးများဖြစ်ပြီး ပဋိပက္ခများ၏ ဓားစာခံသားကောင်များမှာလည်း အမျိုးသမီးများပင် ဖြစ်ကြရသည်ဟု ၎င်းက ဆိုသည်။

“အမျိုးသမီးများဟာ မိသားစုအဆင့်၊ အုပ်စုအဆင့်နှင့် နိုင်ငံတော်အဆင့်အလွှာတို့မှာ ပါဝင်သင့်ကြပါတယ်။ ဒီတိုင်းပြည်ရဲ့ အမျိုးသမီးများဟာ တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ဆောင်ကြည့်ပေးနိုင်ကြပါတယ်” ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် မျှော်မှန်းချက်ရှိသည့် အနာဂတ်ကို ညွှန်ပြနိုင်သည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်ကြောင့် ကံကောင်းကြောင်းနှင့် သူမ၏ ခေါင်းဆောင်မှုအတွက် ကျေးဇူးဥပကာရ တင်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိဘဝတစ်သက်တာမှာ စိန်ခေါ်မှုကြီးများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ပြီး မြန်မာပြည်သူပြည်သားများအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးများရရှိစေရန် ဇွဲ၊ လုံ့လနှင့် သတိသမ္ပစဉ်တို့ကို သက်သေပြခဲ့ပါတယ်။ နိုင်ငံတကာအလည်မှာ စိန်ခေါ်မှုများအကြား ငြိမ်းချမ်းရေးပန်းတိုင်ကြီးဆီသို့ ချီတက်နေပါပြီ” ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေး အကြံပြုဆွေးနွေးပွဲတွင် ရခိုင်ပြည် နယ်အတွင်း ဖြစ်ပေါ်နေသော ကိုယ်ပိုင်လက္ခဏာအထောက်အ ထား၊ မတူညီကွဲပြားမှုများနှင့် သမားရိုးကျစိန်ခေါ်မှုများဆိုင်ရာ ကဏ္ဍအပါအဝင် ပညာရေးကဏ္ဍ၊ တိုင်းရင်းသားလူနည်းစု များ တန်းတူရေးနှင့် တာဝန်ယူ၊ တာဝန်ခံဆိုင်ရာကဏ္ဍ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တန်းတူပါဝင်ခွင့်ဆိုင်ရာ ကဏ္ဍ၊ လူငယ်များ ထိတွေ့ဆက်ဆံရေးနှင့် ကာကွယ်စောင့်ရှောက် ရေးကဏ္ဍ စသည့် ကဏ္ဍငါးရပ်ကို ဆွေးနွေးမည်ဖြစ်သည်။

ယင်းဆွေးနွေးမှုများတွင် ထွက်ပေါ်လာသည့် ရလဒ်များကို နိုဝင်ဘာ ၂၂ရက်တွင် အတည်ပြု၍ သဘောတူညီချက်များအဖြစ် ထုတ်ပြန်သွားမည်ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ “အရင် နိုင်ငံတော်ကကော၊ အရပ်ဘက်အဖွဲ့အစည်းတွေကကော ဝိုင်းပြီးတော့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေဟာ ရှေ့မတိုးဘဲနဲ့ အခက်အခဲအမျိုးမျိုးကြောင့် တန့်နေတဲ့ဟာကို ဘာသာရေးရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ပြီးတော့ ဖြေရှင်းနိုင်မလားဆိုတာ ကြိုးစားတာပါ” ဟု ဦးမြင့်ဆွေက မီဒီယာများကို ပြောသည်။

နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဖွင့်မိန့်ခွန်းပြောကြားသလို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် ဘာသာပေါင်းစုံက ခေါင်းဆောင်များ၊ ဆရာတော်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်တချို့နှင့် သံအမတ်ကြီးများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly