ဒုက္ခသည်များ လွှဲပြောင်းရေး သဘောတူညီချက် ဘင်္ဂလားဒေ့ရှ် မလိုက်နာဟု မြန်မာအစိုးရ ပြော

ဒုက္ခသည်များ လွှဲပြောင်းရေး သဘောတူညီချက် ဘင်္ဂလားဒေ့ရှ် မလိုက်နာဟု မြန်မာအစိုးရ ပြော
(ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

နေပြည်တော်(နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၈ခုနှစ်)။         ။ ဒုက္ခသည်များ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မလိုက်နာခြင်းဖြစ်သည်ဟု မြန်မာအစိုးရဘက်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ် အာဆာ(ARSA) အကြမ်းဖက်တိုက်ခိုက်မှုများအပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည်များစွာထဲမှ ပထမအသုတ်အဖြစ် ယနေ့ လွှဲပြောင်းလက်ခံရန် နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာအစိုးရက အသင့်စောင့်ဆိုင်းနေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စတင်လွှဲပြောင်းမှုမရှိသေးခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က physical arrangement နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်မှု အားနညး်ခဲ့တာကို တွေ့ရှိရပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နေပြည်တော်တွင် နိုဝင်ဘာ ၁၅ရက်၊ ညနေပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ များစွာထဲမှ စိစစ်ပြိးသား မိသားစု ၄၈၅စုမှ လူဦးရေ ၂၂၆၁ဦးကို ပထမအသုတ်အဖြစ် ယနေ့ နိုဝင်ဘာ ၁၅ရက်တွင် မြန်မာနိုင်ငံသို့ စတင် လွှဲပြောင်းလက်ခံရန် အောက်တိုဘာ လကုန်ပိုင်းကပြုလုပ်သည့် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် သဘောတူခဲ့သည်။

အဆိုပါ သဘောတူထားသည့် လူဦးရေ ၂၂၆၁ဦးကို လက်ခံရန် မြန်မာအစိုးရက တောင်ပြိုလက်ဝဲစခန်းတွင် ယနေ့နံနက်ပိုင်းကတည်းက အသင့်စောင့်ဆိုင်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တစ်ဦးတစ်ယောက်မျှ စတင်လွဲပြောင်းခြင်း မရှိပေ။

“ကျွန်တော်တို့ဘက်ကတော့ ဒီနေ့စပြီး လက်ခံဖို့ သဘောတူထားတဲ့အတွက် ဆက်ပြီး standby စောင့်နေမှာဖြစ်ပါတယ်” ဟု ဦးမြင့်သူက ဆိုသည်။

အဆိုပါ ပြန်လည်လက်ခံရေး ကြန့်ကြာရခြင်းမှာ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGOs များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်သည်ဟုလည်း မြန်မာအစိုးရဘက်က စွပ်စွဲပြောဆိုခဲ့သည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေး စီစဉ်နေချိန် တစ်ပြိုင်နက် World Vision , Save the Children နှင့် Oxfam တို့ကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG စသည့် အဖွဲ့အစည်းများကို ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆိုင်းငံ့ထားရန် ထုတ်ဖော်ပြောဆိုနေကြသည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက “ကျွန်တော့အနေနဲ့ ပြောကြားလိုတာကတော့ UNHCR အနေနဲ့ ပြန်လက်လက်ခံရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီတဲ့နေရာမှာ အမှန်တစ်ကယ် ပြန်လိုတဲ့သူတွေကို အဟန့်အတား ပုံစံမျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မွတ်ဆလင် ခုနှစ်သိန်းခန့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

လူမှုကွန်ယက်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသရှိ ဒုက္ခသည်အချို့က နေရပ်မပြန်လိုကြောင်း ဆန္ဒပြနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly