ငွေဆောင်ကမ်းခြေတွင် နိုင်ငံတကာရွက်လှေပြိုင်ပွဲကျင်းပနေ

ငွေဆောင်ကမ်းခြေတွင် နိုင်ငံတကာရွက်လှေပြိုင်ပွဲကျင်းပနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ။           ။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမှာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ကဦးဆောင်ပြီး နိုင်ငံတကာ ရွက်လှေပြိုင်ပွဲကိုကျင်းပနေပါတယ်။

အဲ့ဒီ့ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက အားကစားသမား ၁၂၉ဦးက ဝင်ရောက်ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါ တယ်။ ပထမနေ့ပွဲစဉ်ကို နိုဝင်ဘာလ ၁၂ ရက်မှာစတင်ပြုလုပ်ခဲ့ပေမယ့် လေငြိမ်နေတဲ့အတွက် ပြိုင်ပွဲကို နောက်ဆုတ်လိုက်ခဲ့ရပါတယ်။

“ ဒီနေ့ပြိုင်ပွဲက မဖြစ်သွားပါဘူး။ လေကတအားနည်းတဲ့အတွက်။ ဒီပြိုင်ပွဲတွေအတွက် ထရိန်နင်တွေ လုပ်ရ တာကိုလည်း ကိုယ်ကနိုင်ချင်တဲ့စိတ်ရှိတဲ့အတွက် ကောင်းကောင်းမွန်မွန်လုပ်နေပါတယ် “ လို့ ငွေဆောင် နယ်ခံလည်းဖြစ်တဲ့ ရွက်လှေကစားသမား လွင်ကိုကိုထက် ကပြောပါတယ်။

ပြိုင်ပွဲဝင်နိုင်ငံအများစုဟာ အာရှနဲ့ပစိဖိတ်သမုဒ္ဒရာဒေသမှဖြစ်ပြီး  သြစတေးလျ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် မြောက် အမေရိကမှ ကနေဒါ၊ အမေရိကန်တ်ို့ ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံကလည်း အားကစားသမား ၁၈ ယောက်ဝင်ရောက်ယှဉ်ပြိုင်နေပြီး အသက်အငယ်ဆုံး ကစား သမားမှာ အသက် ၁၁ နှစ်ဖြစ်ပါတယ်။

“ ဒီပြိုင်ပွဲဝင်ဖို့အတွက် ၁ နှစ်လောက်လေ့ကျင့်ခဲ့တယ်ပေါ့။ ဒီပြိုင်ပွဲကိုဝင်ဖို့အတွက် ခက်ခက်ခဲခဲ အကုန်လုံးက ကြိုးစားပြီး ရောက်လာခဲ့တာပါ” လို့အသက်အငယ်ဆုံးကစားသမားဖြစ်တဲ့ မသန္တာအောင်ကပြောပါတယ်။

ရွက်လှေအဖွဲ့ချုပ်အနေနဲ့ တစ်ရက်ကို ပြိုင်ပွဲ ၃ ခုလုပ်ဖို့ရည်မှန်းထားပြီး နိုဝင်ဘာလ ၁၀ ရက်မှ ၁၇ ရက်ထိ ၆ရက်ကြာပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာတော့ အားကစားသမားတွေဟာ ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ပြိုင်ပွဲမပြီးသေးတာကြောင့် ဘာဆုတံဆိပ် ရနိုင်မလဲဆိုတာကို မပြောနိုင်သေးကြောင်း မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဖုန်းကျော်မိုးမြင့် ကပြောပါတယ်။

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၏ ဦးဆောင်မှုနဲ့ အဆိုပါပြိုင်ပွဲကို Ngwe Saung Yacht Club  မှာအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်နေတာ လည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly