KNU ၏ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကို လေးဝါးတွင်ကျင်းပနေ

KNU ၏ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကို လေးဝါးတွင်ကျင်းပနေ
Photo -  Karen National Union Headquarters

ရန်ကုန်၊ နိုဝင်ဘာ ၆ ။           ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၆ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေးကို ဘားအံခရိုင်ရှိ လေးဝါးတွင် ပြုလုပ်နေကြောင်း သိရသည်။

 အဆိုပါအစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၁၀  ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး NCA အကောင်အထည် ဖော်မှုဆိုင်ရာတွင် တစ်ဆို့ လျှက်ရှိနေသော အကြောင်းအရင်းများကို အဖြေရှာ ဆွေးနွေးသွားမည်ဟု KNU မှထုတ်ပြန်သည်။

 ထို့အပြင် ၂၁ရာစု ပင်လုံဆွေးနွေးပွဲ (၃)ကြိမ်ဖြင့် ဒီမိုကရေနှင့် ဖက်ဒရယ်အခြေခံမူများကို ချမှတ်သွားမည် ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သီးသန့်အစည်းအဝေး (PPST)တွင် ဆုံးဖြတ်ခဲ့သော်လည်း နက်ရှိုင်းသော ကွာဟမှုများကို အဖြေရှာရန်လိုအပ်နေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

 “ ဒီလိုအခြေနေမျိုးဖြစ်လာတာဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေရာကနေ ပေါက်ကွဲထွက်လာတာ။ ပြဿနာတွေရှိနေတာကို ဖြေရှင်းဖို့လိုအပ်တာ ကိုပြတယ်လို့ ကြည့်လို့ရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကပြောဆိုထားသည်။

 တစ်ဘက်တွင်လည်း NCA ပါ အချက်များအား အကောင်အထည်မဖော်နိုင်သေးသည်များရှိနေရာ ထို အကြောင်း အရာများအားလုံးနှင့် စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံပြီး မည်ကဲ့သို့ အဖြေရှာနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။

 KNU အနေဖြင့်ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ ၊ တစ်ခု တည်းသော တပ်မတော် ကိစ္စ၊ ၂၀၂၀ တွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ဖြတ်အပြီးဖြတ်မည့် ဆွေးနွေးချက် များကို အဖွဲ့တွင်းဗဟိုကော်မတီအစည်းအဝေးတွင် ပြနိုင်ရန်အတွက် လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ပါဝင်ခြင်းမပြုသေးရန် အောက်တိုဘာလနှောင်းပိုင်းက NRPC ဥက္ကဋ္ဌထံ စာပေးပို့ထား ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ် NCA ရေးထိုးထားသည့် တုုိင်းရင်းသား လက်နက်ကိုင်တော်လှန် ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပါအဝင် ငြိမ်းချမ်း ရေး အစည်းအဝေးအချို့ကို ယာယီရပ်ဆိုင်းထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly