Eurovision သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ အစ္စရေးအဆိုတော်

Eurovision သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ အစ္စရေးအဆိုတော်

နိုဝင်ဘာ ၅ ။              ။ နှစ်စဉ် ကျင်းပလျက်ရှိတဲ့ Eurovision သီချင်းဆိုပြိုင်ပွဲမှာ ဥရောပ ရုပ်သံထုတ်လွှင့်မှုသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်းစုံက အနုပညာရှင်တွေ လာရောက်ယှဉ်ပြိုင်လေ့ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် Eurovision သီချင်းဆိုပြိုင်ပွဲမှာ အနိုင်ရရှိသွားသူကတော့ အစ္စရေးအဆိုတော် Netta Barzilai ပဲဖြစ်ပါတယ်။

Netta ဟာ Toy သီချင်းနဲ့ Eurovision အဆိုပြိုင်ပွဲမှာ ဝင်ရောက်သီဆိုဖျော်ဖြေယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Netta ရဲ့ Toy သီချင်းဟာ ၎င်းလို ဝတဲ့အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်မငယ်ငယ်ကတည်းက ကဲ့ရဲ့ခံခဲ့ရတယ်။ ဝလို့ဆိုပြီးတော့။ ကျွန်မတို့ကို အားငယ်စိတ်တွေဝင်အောင် လုပ်တဲ့ အခြေအနေတွေအများကြီးရှိနေတယ်။ ကျွန်မဘယ်တော့မှအားမငယ်ချင်တော့ဘူး။”လို့ အသက် ၂၅ နှစ်ရှိ အစ္စရေးအဆိုတော် Netta ကပြောပါတယ်။

“ကျွန်မမှာ စိတ်ဓာတ်ခွန်အားအပြည့်ရှိသလို သူများတွေကိုလည်း ရှိစေချင်တယ်။ ကျွန်မတို့ရဲ့ ခွန်အားတွေကို ဝေမျှပေးရင် ကျွန်မတို့ဆီကိုလည်း အဲဒီခွန်အားတွေပြန်ရောက်လာမယ်။ ကမ္ဘာကြီးလည်း ပိုပြီးသာယာလာမယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

“Eurovision ပွဲက ဘယ်လိုမျိုးလဲဆိုတာတောင် ကျွန်မ မသိခဲ့ဘူး။ အရင်တုန်းကဆို ကျွန်မတို့အဖွဲ့က ဘီယာသောက်တယ်။ သူများရဲ့ အာလူးချောင်းကြော်တွေနှိုက်စားပြီး သူတို့အကြောင်းကို သီချင်းလုပ်ပြီး ဆိုတယ်။ Eurovision ကိုဝင်ပြိုင်တာက တကယ့်အနုပညာရှင်တစ်ယောက်အနေနဲ့ ဘဝကို ရှင်သန်ချင်လို့ပဲ။”လို့ Netta က ၎င်းရဲ့ အတွေ့အကြုံကို ဝေမျှပါတယ်။

Eurovision ရဲ့ ချန်ပီယံတစ်ယောက်ဖြစ်သွားတဲ့ Netta ဟာ နိုဝင်ဘာလ၊ ၁၂ ရက်ကစပြီး သြစတြီးယား၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ နယ်လှည့်သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly