ကယားပြည်နယ်အစိုးရအဖွဲ့ကို အရေးယူပေးရန် ကယန်းအမျိုးသားပါတီတောင်းဆို

ကယားပြည်နယ်အစိုးရအဖွဲ့ကို အရေးယူပေးရန် ကယန်းအမျိုးသားပါတီတောင်းဆို
 Photo-ကယားပြည်နယ်ချစ်သူများအဖွဲ့

ရန်ကုန်၊ သြဂုတ် ၁၂ ။         ။ ကယားပြည်နယ်အစိုးရအဖွဲ့ကို စစ်ဆေးအရေးယူပေးရန် ကယန်းအမျိုးသားပါတီမှ ပြည်ထောင်စုအစိုးရထံ တောင်းဆိုလိုက်ကြောင်း ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည်ကို ကန့်ကွက်သည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲခံထားရသည့် လူငယ် ၂၃ ယောက်ထဲတွင် မသက်ဆိုင်သူများပါ တရားစွဲဆိုခံနေရသည့်အတွက် အရေးယူပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ ကျွန်တော်တို့ ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုလိုက်တာပါ။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တွေ့ဖို့လည်း ကြိုးစားသွားမှာပါ ” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

အဆိုပါအစိုးရ တရားလိုများသည် လူငယ်များအား တရားစွဲဆိုရာတွင် ခိုင်လုံသောအထောက်အထားများနှင့် တရားစွဲလို့သည့်ပုဂ္ဂိုလ်များကို မသိဘဲ ရမ်းသမ်းတရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်ဟုလည်း ပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခြင်း၊ ကရင်နီ သမိုင်းကြောင်း စာရွက်များ ဖြန့်ဝေခြင်းကြောင့် လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူးဆိုနှင့် ဖားဆောင်းမြို့နယ် ၄ ခုမှ လူငယ် ၂၃ ယောက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅၊ ငြိမ်းစုစီဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

အဆိုပါ လူငယ် ၂၃ ယောက်ထဲတွင် မဟုတ်မမှန်တရားစွဲခံရသူ ၃ ဦး အထိရှိပြီး ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေရသူ ၆ ယောက် ရှိနေသည်ဟု ကယန်းအမျိုးသားပါတီမှ သိရသည်။

သို့ဖြစ်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ကယားပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော ပြည်နယ်အစိုးရအဖွဲ့၏ တရားစွဲဆိုမှုများကို အမြန်ဆုံးစုံစမ်းစစ်ဆေးပေးပါရန် ပြည်ထောင်စုအစိုးရကို တောင်းဆိုရခြင်းဖြစ်ကြောင်း လည်း ကယန်းအမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly