အာဏာ ပြန်မသိမ်းဘဲ ရွေးကောက်ပွဲရလာဒ် လက်ခံမည်ဟု ကာချုပ်ပြော

အာဏာ ပြန်မသိမ်းဘဲ ရွေးကောက်ပွဲရလာဒ် လက်ခံမည်ဟု ကာချုပ်ပြော
 စက်တင်ဘာ ၂၁ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် နှင့် စာနယ်ဇင်းကောင်စီ အပါအဝင် သတင်းဌာနအချို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်၊ စက်တင်ဘာ ၂၂ ။       ။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခွင့်ပြုချက်အတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး လုံးဝအာဏာသိမ်းမည်မဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

“ကျွန်တော့ရဲ့ တပ်မတော်သဘောထားပြောရင် အာဏာသိမ်းဖို့ မလိုလားပါဘူး။ ဒါတစ်ကယ် ဆန္ဒအမှန်ပါ။ ကျွန်တော်လုံးဝမကြိုက်ပါဘူး။ တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ဖွဲ့စည်းထားတဲ့အပြင် စည်းကမ်း ကိုအခြေခံပြီး လုပ်ရမယ့်အဖွဲ့ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ဧည့်ရိပ်သာ၌ စက်တင်ဘာ ၂၁ ရက်က စာနယ်ဇင်းကောင်စီ(ယာယီ)အပါအဝင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တပ်မတော်အာဏာသိမ်းခဲ့သည်မှာ နှစ်ကြိမ်ရှိပြီဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်သော်လည်း ၁၉၈၈ခုနှစ်တွင်မူ အာဏာသိမ်းခြင်းမဟုတ်ဟု ငြင်းဆိုသည်။

“တပ်မတော်အာဏာသိမ်းတာ နှစ်ကြိမ်ရှိခဲ့ပါတယ်။ ၁၉၆၂ခုနှစ်က အာဏာသိမ်းတာရယ်၊ ၈၈(၁၉၈၈)ခုနှစ်မှာ အာဏာသိမ်းတာမဟုတ်ပါဘူး။ အာဏာသိမ်းဖို့ အစိုးရကို မရှိပါဘူး” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လာမယ့်ရွေးကောက်ပွဲအလွန်ကာလတွင် နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်လာပါက အုပ်ချုပ်ရေးအဖွဲ့က ဥပဒေဘောင်အတွင်းက လုပ်ဆောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးက အောက်ပါအတိုင်းပြောသည်။

“အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ Stepတွေရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ Stepတွေလည်း ရှိပါတယ်။ ဒါမှမဟုတ်ရင် နိုင်ငံတော်သမ္မတကနေပြီးတော့ အရေးပေါ်အခြေအနေကြေငြာပြီးတော့ လုပ်ရမှာရှိတယ်။ ဒီကပဲသွားရမှာပဲ” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲအလွန်ကာလတွင် နိုင်ငံရေးမတည်ငြိမ်ပါက တပ်မတော်အနေဖြင့် အာဏာပြန်သိမ်းမည်ကို မြန်မာနိုင်ငံတွင် စိုးရိမ်မှုများလည်း ရှိနေသည်။

ကာကွယ်ရေးဦးစီးချုပ်ကမူ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲရလာဒ်အပေါ် လက်ခံမည်ဟုလည်း ဆိုသည်။

“အမည်းက နိုင်သွားလည်း အဖြူနဲ့အနီက လက်ခံရမှာပဲ။ အနီက နိုင်သွားရင်လည်း အဖြူနဲ့အမည်းက လက်ခံရမှာဖြစ်တယ်။ ဒါကျွန်တော်ရဲ့ အမြင်ပဲ။ တပ်မတော်လည်း ဒီအတိုင်းပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံပွဲတွင် ပြောသည်။

တပ်မတော်က ဦးဆောင်ဖိတ်ကြားခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် နေ့စဉ်ထုတ်သတင်းစာများနှင့် ရုပ်သံမီဒီယာအချို့ကိုသာဖိတ်ကြားခဲ့ပြီး မဇ္ဈိမသတင်းဌာနအပါအဝင် သတင်းဌာနအများစုကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly