ဂရိအရေးပေါ်ရွေးကောက်ပွဲများတွင် ၀န်ကြီးချုပ်ဟောင်း အလက်ဇစ် ဇီပရက်စ်၏ ဆိုင်ရီဇာပါတီ အနိုင်ရ

ဂရိအရေးပေါ်ရွေးကောက်ပွဲများတွင် ၀န်ကြီးချုပ်ဟောင်း အလက်ဇစ် ဇီပရက်စ်၏ ဆိုင်ရီဇာပါတီ အနိုင်ရ

အေသင်၊ စက်တင်ဘာ-၂၁ ။         ။ ဂရိ၏ ပုံမှန်ထက်စောပြီး ကျင်းပခဲ့သည့် အရေးပေါ်ရွေးကောက်ပွဲများတွင် အလက်ဇစ် ဇီပရက်စ်က ၎င်း၏ လက်ဝဲယိမ်း ဆိုင်ရီဇာ(Syriza)ပါတီ အနိုင်ရကြောင်း ကြေညာခဲ့ပြီး ညွှန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ဒီအောင်မြင်မှုကြီးအတွက် ခင်ဗျားတို့ိကို နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ပြတ်သားတဲ့ အောင်ပွဲပါ။ ပြည်သူလူထုရဲ့ အောင်ပွဲပါ''ဟု ဂရိဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဇီပရက်စ်က စက်တင်ဘာ ၂၀ရက် ရွေးကောက်ပွဲ မဲရလဒ်များကို ရေတွက်မှု ပြီးလုနီးနီးအချိန်တွင် ပြောကြားခဲ့သည်။

မဲ ၈၀ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်တွင် ဆိုင်ရီဇာက မဲအားလုံး၏ ၃၅.၅ရာခိုင်နှုန်းနှင့် အမတ်နေရာ ၃၀၀ရှိသည့် ပါလီမန်တွင် ၁၄၅နေရာ ရရှိခဲ့ပြီး ၎င်း၏နောက်မှ ရှေးရိုးစွဲ New Democracy ပါတီက ၂၈.၃ရာခိုင်နှုန်း ၇၅နေရာနှင့် ဒုတိယ၊ Golden Dawn ပါတီက ၇ရာခိုင်နှုန်း၊ ၁၈နေရာနှင့် တတိယ အသီးသီး ကပ်လိုက်နေခဲ့သည်။

မဲရုံထဲမှ ထွက်လာသူများ၏ ထင်မြင်ချက်မဲစစ်တမ်းတွင်ပင် ဆိုင်ရီဇာပါတီက မဲအားလုံး၏ ၃၃နှင့် ၃၅ရာခိုင်နှုန်းကြားကို ရရှိခဲ့ရာ New Democracy ပါတီထက် သိသိသာသာ များနေသောကြောင့် စောစီးစွာကပင် New Democracy ပါတီအကြီးအကဲ ဗန်ဂျလစ် မီမာရာကစ်က ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။

ဇီပရက်စ်က ၎င်း၏ ယခင်ညွှန့်ပေါင်းပါ့တနာ ပါနော့စ် ကမ်မီနော့စ်၏ လကျာ်ယိမ်း Independent Greeks ပါတီနှင့် အမြန်ဆုံး အစိုးရဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။  

''ကျနော် သံသယရှင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းပြည်ပမှာ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရာမှာ ကျနော်တို့ ဆက်လက်ရုန်းကန်တိုက်ပွဲဝင်ဖို့ ဂရိပြည်သူတွေက ကျနော် တို့ကို ပြတ်သားတဲ့အခွင့်အာဏာ အပ်နှင်းလိုက်လို့ပါပဲ''ဟု ဇီပရက်စ်က မြို့တော်အေသင်မှ ပျော်ရွှင်နေသည့် ထောက်ခံသူလူအုပ်ကြီးကို ပြောကြားခဲ့သည်။

ဇီပရက်စ်က လေးနှစ်သက်တမ်းပြည့် အုပ်ချုပ်သွားရန်လည်း ကတိပြုသည်။ ''ကျနော်တို့ အောင်မြင်ခဲ့ပါပြီ။ ဂရိအလံတွေဟာ ဂရိရင်ပြင်တွေမှာရော ဥရောပမြို့ကြီးတွေမှာပါ ဝဲပျံနေပါတယ်။ ဂရိနိုင်ငံနဲ့ ဂရိပြည်သူတွေဟာ ရုန်းကန်မှုနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်။ ကျနော်တို့ လေးနှစ်လုံးလုံး ဆက်လက်ရုန်းကန်သွားမှာပါ''ဟု ဇီပရက်စ်က ပြောကြားခဲ့သည်။

တတိယမြောက် နိုင်ငံတကာချေးငွေအတွက် အတုံ့အလှည့်အနေဖြင့် ခြိုးခြံခြွေတာရေးများ လုပ်ဆောင်ရန် လက်ခံသည့် ၎င်း၏ ပေါ်လစီအပြောင်းအလဲနှင့် ဆက်နွယ်နေသော ဆိုင်ရီဇာပါတီတွင်း ပုန်ကန်မှုကို ရင်ဆိုင်ကျော်လွှားရန် ကြိုးစားသည့်အနေဖြင့် ပြီးခဲ့သည့်လက ဇီပရက်စ် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ပြီးနောက်တွင် ဂရိနိုင်ငံတွင် ခြောက်နှစ်တာအတွင်း ပဉ္စမအကြိမ်မြောက် ရွေးကောက်ပွဲများကျင်းပရန် အကြောင်းဖန်လာခဲ့သည်။

''ဒီရလဒ်တွေကို ဆိုင်ရီဇာက မပိုင်ပါဘူး။ ဒီရလဒ်တွေကို ပိုကောင်းတဲ့ မနက်ဖြန်အတွက် တိုက်ပွဲဝင်နေကြတဲ့၊ ပိုကောင်းတဲ့ မနက်ဖြန်ကို အိပ်မက်မက်နေကြတဲ့ နိုင်ငံရဲ့ အလုပ်သမားလူတန်းစားတွေက ပိုင်ဆိုင်ပါတယ်''ဟု ဇီပရက်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags