ဆိုင်းနိုင်းတွင် အီဂျစ်ဗိုလ်မှူးချုပ် တစ်ဦးကို အိုင်အက်စ်နှင့် ဆက်နွယ်သည့် စစ်သွေးကြွများက ပစ်သတ်ခဲ့ဟု အီဂျစ်ပြောကြား

ဆိုင်းနိုင်းတွင် အီဂျစ်ဗိုလ်မှူးချုပ် တစ်ဦးကို အိုင်အက်စ်နှင့် ဆက်နွယ်သည့် စစ်သွေးကြွများက ပစ်သတ်ခဲ့ဟု အီဂျစ်ပြောကြား

မငြိမ်သက်သည့် ဆိုင်းနိုင်းကျွန်းဆွယ်တွင် အိုင်အက်စ် အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်နေသည့် စစ်သွေးကြွများက အီဂျစ်ဗိုလ်မှူးချုပ်တစ်ဦးကို ပစ်ခတ်ခဲ့သည်ဟု အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာန ကပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ပြောကြားချက်အရ အီဂျစ်နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းပြည်နယ်၏ မြို့တော်ဖြစ်သော အယ် အာရစ်ရှ်တွင် အိုင်အက်စ်၏ အစိတ်အပိုင်း စစ်သွေးကြွတပ်ဖွဲ့များက ညသန်းခေါင်ယံအချိန်တွင် အီဂျစ် ဗိုလ်မှူးချုပ်ကို ပစ်သတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအပတ်အစောပိုင်းက အလားတူပစ်ခတ်မှုတစ်ခုတွင်လည်း အိုင်အက်စ်နှင့် ဆက်နွယ်နေသည့် ဗီလာယတ် ဆိုင်းနိုင်း စစ်သွေးကြွအုပ်စုက အယ် အာရစ်ရှ်တွင်ပင် ကားမောင်းရင်း ပစ်ခတ်သွား ခဲ့ရာနောက်ထပ် ဗိုလ်မှူးချုပ်တစ်ဦးဖြစ်သည့် ခါလစ် ကာမယ် အိုစမန် သေဆုံးသွားခဲ့ရပြီး ရဲများက ပြန်လည်ပစ်ခတ်သော်လည်း တိုက်ခိုက်သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဆိုင်းနိုင်းတွင် အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မြင့်တက်လာနေခဲ့သည်။

ဆိုင်းနိုင်းကျွန်းဆွယ်တွင် စီးနင်းတိုက်ခိုက်မှုအများစုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဗီလာယတ် ဆိုင်းနိုင်း စစ်သွေးကြွများက ပြောကြားထားသည်။ ပြီးခဲ့သည့်နိုဝင်ဘာလက ဗီလာယတ် ဆိုင်းနိုင်း အုပ်စုက အီရတ်နှင့် ဆီးရီးယားရှိ အစိတ်အပိုင်းအတော်များများကို ဖျက်စီးပစ်နေသည့် အိုင်အက်စ်အကြမ်းဖက်အုပ်စုထံ သစ္စာခံခဲ့သည်။  

အီဂျစ်စစ်တပ်က ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဆိုင်းနိုင်းတွင် ထိုးစစ်အသစ်ဆင်နွှဲနေရာ စစ်ဆင်ရေးများအတွင်း စစ်သွေးကြွရာပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည်ဟု စစ်တပ်ကပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly