ကျန်းမာရေးကဏ္ဍကို မိုးကျရွှေကိုယ်များ မပို့တော့ဟု တရားဝင်မကြေငြာမချင်း ဖဲကြိုးနက်လှုပ်ရှားမှုဆက်လုပ်မည်

ကျန်းမာရေးကဏ္ဍကို မိုးကျရွှေကိုယ်များ မပို့တော့ဟု တရားဝင်မကြေငြာမချင်း ဖဲကြိုးနက်လှုပ်ရှားမှုဆက်လုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။ ။ ကျန်းမာရေးကဏ္ဍတွင် တပ်မတော်သားများ ဝင်ရောက်လာမှုကို ကန့်ကွက်သည့်အနေဖြင့် ဆရာဝန်များ၏ ဖဲကြိုးနက်လှုပ်ရှားမှုကို တရားဝင်စာတင်ကာ မတုန့်ပြန်မချင်း ဆက်လုပ်သွားမည်ဟု စက်တင်ဘာ ၂၀ရက်တွင် ရန်ကုန်မြို့ မင်းကွန်းတိပိဋ္ဋကကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ Black Ribbon Campaignကြောင့် တပ်မတော်က ပြောင်းရွေ့လာမယ့်ကိစ္စကို ရပ်ဆိုင်းထားတယ်ဆိုတာကို နှုတ်ကပဲပြောထားတာပါ၊ ဒီလိုပြောင်းရွှေ့လာတာဟာ ဥပဒေနဲ့ မညီဘူး၊ အဲ့တော့ ဆက်လက်ပြီးတော့ မိုးကျရွှေကိုယ်တွေကို ထပ်ပြီးမပို့ဖို့ကို on paper(စာရွက်စာတမ်းဖြင့်) ကြေငြာတာကို လိုချင်တာပါ။” ဟု တောင်ကြီးမြို့စပ်စံထွန်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာထားထားငြိမ်းက ပြောသည်။

တပ်မတော်မှအရာရှိများအား ကျန်းမာရေးဌာနများ၏ အရေးပါသော ရာထူးနေရာများတွင် ခန့်ထားမှုကို ကန့်ကွက်သော ဖဲကြိုးနက်လှုပ်ရှားမှုကို အင်တာနက်စာမျက်နှာများထက်တွင် စတင်ခဲ့ပြီး ပူးပေါင်းပါဝင်သူ ဆရာဝန်ဦးရေ နှစ်သောင်းကျော်ရှိလာခဲ့ပြီဟု သိရသည်။

တရားဝင်ကန့်ကွက်မှုအဖြစ် ယခုလ ၁ရက်က ဆရာဝန်၃၅၀၀ခန့်က လက်မှတ်ရေးထိုးပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌများနှင့် ဆရာဝန်လွှတ်တော်ကိုယ်စားလှယ်များ၊ ဆရာဝန်အသင်းများသို့ ပေးပို့တောင်းဆိုခဲ့သည်။

“တောင်းဆိုချက်ကို မတုံ့ပြန်ဘူး၊ ဒါကြောင့်ဆက်လုပ်နေတာ၊ လက်မှတ်တွေလည်း ထပ်ပို့ဖို့ရှိပါတယ်။” ဟု ရှမ်းပြည်နယ်၊ လွယ်လင်ပြည်သူ့ဆေးရုံမှ အရိုးအထူးကုဆရာဝန် ဒေါက်တာတေဇကျော်ကပြောသည်။
ကန့်ကွက်ကြောင်းလက်မှတ်များကို နယ်ဝေးမှဆရာဝန်များက ကားဂိတ်များမှတစ်ဆင့်၊ နိုင်ငံရပ်ခြားမှ ဆရာဝန်များ၏ လက်မှတ်များမှာအွန်လိုင်းမှ တစ်ဆင့် ဆက်လက်ပေးပို့နေကြဆဲဖြစ်သည်။ လက်ရှိတွင် လက်မှတ်သုံးရာကျော်ရရှိထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းဆရာဝန်အဖြစ် တစ်သောင်းသုံးထောင်ကျော် တာဝန်ထမ်းဆောင်နေပြီး တစ်နိုင်ငံ လုံးတွင် ဆရာဝန်အရေအတွက်မှာ စာရင်းအရ သုံးသောင်းကျော်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly