NCA လက်မှတ်ထိုးမည့်ရက် အဆင့်မြင့်ခေါင်းဆောင်များအစည်းအဝေးပြီးမှ ဆုံးဖြတ်နိုင်မည်

NCA လက်မှတ်ထိုးမည့်ရက် အဆင့်မြင့်ခေါင်းဆောင်များအစည်းအဝေးပြီးမှ ဆုံးဖြတ်နိုင်မည်
စက်တင်ဘာ ၂၀ရက် ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် တိုင်းရင်းသားအဖွဲ့များ (ဓာတ်ပုံ-Nyo Ohn Myint facebook)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။ ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမည့်ရက်ကို တိုင်းရင်းသားအဆင့်မြင့် ခေါင်းဆောင်များ (SD)အစည်းအဝေးပြီးဆုံးမှသာ ဆုံးဖြတ်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာ ၂၀ရက်တွင် ပြောသည်။

စက်တင်ဘာ ၂၀ရက် ကမာရွတ်မြို့နယ်၊ ရွှေလီလမ်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန MPC တွင် ပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားအပြီး သတင်းမီဒီယာများသို့ ပြောကြားခြင်းလည်းဖြစ်သည်။

"လက်မှတ်ထိုးမယ့်ရက် ဒီနေ့ဆုံးဖြတ်မှာမဟုတ်ပါဘူး။ ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး ကော်မတီဖွဲ့ပြီး ဆောင်ရွက်သင့်တာဆောင်ရွက်ဖို့ ဆွေးနွေးမှာ၊ စက်တင်ဘာ ၂၈၊ ၂၉၊ ၃၀ ချင်းမိုင်းမှာ ဘယ်ရက်ထိုးမယ် ဆိုတာကို ဆုံးဖြတ်ကြလိမ့်မယ်။ ပြီးရင်ကျွန်တော်တို့နဲ့ ညှိမှာပေါ့ပြီး ရက်တစ်ခုကို သတ်မှတ်မှာ" ဟု ဦးအောင်မင်းက ဆိုသည်။

ယခင်ကမူ လက်မှတ်ရေးထိုးရေးရက်ဆွေးနွေးရန်နှင့် ယင်းပွဲကျင်းပရေးအစီအစဉ်များအတွက် တိုင်းရင်းသားအဖွဲ့ ၁၅ဖွဲ့ကို ဖိတ်စာပေးပို့ဖိတ်ကြားမည်ဟုလည်း ဦးအောင်မင်းက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောထားသည်။

စက်တင်ဘာ ၂၀ရက်၊ MPC တွင် ပြုလုပ်သည့် လက်မှတ်ထိုးပွဲ အခမ်းအနားကျင်းပနိုင်ရေး ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA(မိုင်းလား)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး- ကျောင်းသား တပ်မတော် (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA(PC)) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့တို့မှ တက်ရောက်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်ကဆိုသည်။

"ကျွန်တော်တို့ချင်းမိုင် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်ညီလာခံကနေ ရက်သတ်မှတ်မယ်ဆိုပေမယ့် ထိုးမယ့်အဖွဲ့တွေက သူတို့ကိုယ်တိုင်ဆုံးဖြတ်ကြမှာပါ။ ရက်ပဲသတ်မှတ်မှာ၊ ရှိတဲ့လက်နက်ကိုင်အားလုံးကို ဖိတ်မှာ၊ ကျွန်တော်တို့က သမ္မတနဲ့တွေ့တုန်းက ပေးထားတဲ့ကတိတော့ မပျက်အောင်လုပ်ကြရမှာပါ။" ဟု SD အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ယင်းညီလာခံသည် စက်တင်ဘာ ၁၇ရက်နှင့် ၁၈ရက်တွင်ပြုလုပ်ခဲ့ပြီးသည့် SD ခေါင်းဆောင်များအစည်းအဝေး အပြီး လက်မှတ်ထိုးမည့်ရက် ဆုံးဖြတ်မည့်ညီလာခံလည်းဖြစ်သည်။

အပစ်အခတ်လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပက်သက်ပြီး ဦးအောင်မင်းက "အောက်တိုဘာဆိုတာတော့ ကျွန်တော်တို့အတွက် နောက်ဆုံးပဲ၊ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း နေပြည်တော်တွေ့တုန်းက အောက်တိုလလယ်မှာ လုပ်မယ်လို့ပြောတာရှိတယ်။ အောက်တိုဘာ ၁၅ရက်က လလယ်ပဲဒါသူတို့ပြောတဲ့ စကားပါပဲ။ အဲဒီမတိုင်ခင်တော့ရက်သတ်မှတ်ပြီး ထိုးနိုင်မယ်လို့ထင်တယ်" ဟုပြောသည်။

ဦးသိန်းစိန်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို သြဂုတ်လ ၁၈မှစတင်ကာ အဖွဲ့ ၁၆ဖွဲ့ဖြင့်စတင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly