လက်နက်ကိုင်အားလုံး သဘောတူပါက နောက်အစိုးရဖြင့် နိုင်ငံရေးသဘောတူညီချက် ရယူနိုင်ဟုပြော

လက်နက်ကိုင်အားလုံး သဘောတူပါက နောက်အစိုးရဖြင့် နိုင်ငံရေးသဘောတူညီချက် ရယူနိုင်ဟုပြော
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPCတွင် ဦးအောင်မင်းနှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်။

ရန်ကုန်၊ စက်တင်ဘာ ၁၄။        ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး သဘောတူညီပါက နောက်သက်တမ်းတွင် တက်ရောက်လာမည့် အစိုးရဖြင့် နိုင်ငံရေး သဘောတူညီမှု ရယူနိုင်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC အထူးအကြံပေး ဦးလှမောင်ရွှေက စက်တင်ဘာ ၁၄ ရက်တွင် ပြောသည်။

MPC တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီများအား NCA လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းသည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လက်မှတ်ထိုးမယ့်ကိစ္စက လမ်းခင်းတဲ့ သဘောထားပဲ။ NCA အခုထိုးရင် ၂၀၁၆ ဇန်နဝါရီမှာ နိုင်ငံရေး ဆွေးနွေးရမယ်။ ဒီ ဆွေးနွေးပွဲကို နှစ်ပတ် သုံးပတ် တစ်လ ကြိုက်သလောက်လုပ်။ တစ်ကယ်လို့ အားလုံးက သဘောတူရင်လည်း ရတယ်။ ဒါမှမဟုတ် နောက်အစိုးရ ပေါ်လာမှ သဘောတူညီမှု ယူမယ်ဆိုလည်း ရပါတယ်လို့ ဝန်ကြီးကတော့ ပြောထားတယ်။" ဟု ဦးလှမောင်ရွှေက နိုင်ငံရေးပါတီများကို ရှင်းလင်း ပြောဆိုရာတွင် ထည့်သွင်းရှင်းပြခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က NCA ကို လက်မှတ်ထိုးနိုင်မည့်ရက် ဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့အား ဖိတ်ကြား ဆွေးနွေးသွားမည်ဟု ဦးအောင်မင်းက နိုင်ငံရေးပါတီများသို့ အသိပေးထားသည်။

ဦးလှမောင်ရွှေကလည်း "၂၀ရက်နေ့ ဆွေးနွေးမှာဆိုတော့ နောက်တစ်ရက်၊ နှစ်ရက်ဆိုရင် ဖိတ်စာပို့မယ်။ ဖိတ်စာမှာတော့ လက်မှတ်ထိုးရက် ဆုံးဖြတ်ဖို့ရယ်၊ အခမ်းအနား ကျင်းပရေးဆိုပြီး ဖိတ်ကြားမယ်လို့ ပြောပါတယ်။" ဟု ဆိုသည်။

NCA ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားတို့ဖက်မှ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နှင့် ဂျပန်တို့ အပြင် ပြည်တွင်းမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ တိုင်းရင်းသား လူမျိုးများ မဟာမိတ်မှ ဦးခွန်ထွန်းဦး အပါအဝင် ၃ဦး၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ၃ဦး၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်မှ ၁ ဦးနှင့် ပြည်ခိုင်ဖြိုးမှ ၁ဦးတို့ကို အဆိုပြုထားသည်။

ယင်း အဆိုပြုထားသူ အားလုံးကို အစိုးရဖက်က သဘောတူညီထားပြီး၊ အစိုးရဖက်ကလည်း လက်ရှိနိုင်ငံရေး ပါတီအားလုံးမှ ကိုယ်စားလှယ်များကို အသိသက်သေအဖြစ် စာချုပ်လက်မှတ် ရေးထိုးရာတွင်ပါဝင်ရန် အဆိုပြုထားကာ၊ ပါဝင်မှုရှိမရှိကို အတည်ပြုချက် ထပ်မံရယူသွားမည်ဟု ဦးအောင်မင်းက ပြောသည်။

NCA ရေးထိုးပြီးပါက၂၄ နာရီအတွင်း စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက် သက်ဆိုင်ရာတပ်မှူးများထံ အကြောင်းကြားခြင်း၊ ၅ ရက်အတွင်း စာချုပ်အား သက်ဆိုင်ရာ အဆင့်ဆင့်သို့ ရှင်းလင်းခြင်း၊ ၁၄ရက်အတွင်း စာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းတိုကို ဆောင်ရွက်ရမည်။

ယင်းအပြင် ရက်ပေါင်း ၃၀အတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ စောင့်ကြည့်ရေး ကော်မတီလုပ်ငန်း လမ်းညွှန် အကောင်အထည်ဖော်ခြင်း၊ ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးစွဲခြင်းနှင့် ရက်ပေါင်း ၉၀အတွင်း နိုင်ငံရေးဆွေးနွေးမှုများကို စတင်ခြင်းတို့ ပြုလုပ်ရကြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags