ထိုင်းဘုရင် သွေးတွင်း ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဆေးရုံတက်ရပြန်

ထိုင်းဘုရင် သွေးတွင်း ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဆေးရုံတက်ရပြန်

ကမ္ဘာတွင် နန်းစံသက် အရှည်ကြာဆုံးဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောသည် သွေးတွင်းပိုးဝင်ရောက်ခြင်းနှင့် အဆုတ်ရောင်ခြင်း ရောဂါဝေဒနာများကြောင့် ဆေးရုံတက် ကုသမှုခံယူလျက်ရှိကြောင်း နန်းတော်က စက်တင်ဘာ ၁၃ ရက်တွင် ပြောသည်။

အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ဘူမိဘောသည် ဘန်ကောက်ရှိ သီရိရတ် ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်မှာ သုံးလကျော်ကြာမြင့်ပြီဖြစ်သည်။ မေလအတွင်းက ရောဂါစစ်ဆေးပြီးနောက် ဦးနှောက်တွင်း ရေဝင်ရောက်မှုကြောင့်လည်း ကုသမှုခံယူခဲ့ရသည်။ စက်တင်ဘာ ၁၃ ရက်တွင် ရင်ဘတ်ဝေဒနာခံစားရ၍ ဆေးရုံသို့ တက်ရောက်ကုသခြင်းလည်းဖြစ်သည်။

ထိုင်းနိုင်ငံက ဘုရင်ဘူမိဘော၏ ကျန်းမာရေးအပေါ် စောင့်ကြည့်လျက်ရှိနေရသည့် အခြေအနေဖြစ်သည်။ နှစ်ပေါင်း ၆၉ နှစ် နန်းစိုးစံခဲ့သည့် ဘုရင်ဘူမိဘောသည် ထိုင်းနိုင်ငံသူ နိုင်ငံသားများအတွက် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ စံပြတစ်ဦးအဖြစ် ရေရှည်ရှိခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က အဖျားတက်လာခဲ့ပြီး သွေးတွင်းအောက်ဆီဂျင်ပါဝင်နှုန်း ကျဆင်းခဲ့ခြင်းများကို ခံစားရကြောင်း နန်းတော်ရာက ထုတ်ပြန်သည်။

"သွေးစစ်ချက်က သွေးတွင်း ပိုးဝင်ရောက်တာကို တွေ့ရှိရတယ်။ X-ray စစ်ချက်အရ အဆုတ်အောက်ပိုင်း ရောင်ယမ်းတာကိုလည်း တွေ့ရတယ်။"ဟု နန်းတော်က ထုတ်ပြန်ပြီး ဘူမိဘော၏ သွေးဖိအားမှာ ပုံမှန်ဖြစ်သော်လည်း အဖျားဆက်လက်ရှိနေကြောင်း ဖြည့်စွက်ပြောသည်။

ဆရာဝန်များက ပဋိဇီဝဆေးဝါးများပေးကာ အောက်ဆီဂျင်လည်း ပေးခဲ့ရကြောင်း နန်းတော်က ပြောသည်။

ဘုရင်ဘူမိဘောသည် ကုန်လွန်ခဲ့သည့် ခြောက်နှစ်ကျော်ကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံလိုက် ပြန်ဆင်းလိုက်ဖြင့်ပင် အချိန်ကုန်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly