တာလီဘန်တို့ အာဖဂန်အကျဉ်းထောင်တစ်ခုကို ၀င်စီး၍ အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေး

တာလီဘန်တို့ အာဖဂန်အကျဉ်းထောင်တစ်ခုကို ၀င်စီး၍ အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေး

ကဘူး၊ စက်တင်ဘာ-၁၄  ။          ။ ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ အာဖဂန်နစ္စတန်အရှေ့ပိုင် ဂက်ဇနီပြည်နယ်မှ အကျဉ်းထောင်တစ်ခုကို တာလီဘန်စစ်သွေးကြွများက ဝင်ရောက်စီးနင်းကာ ရဲအရာရှိများကို သတ်ဖြတ်ပြီး အကျဉ်းသားအများအပြားကို လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၄ရက်နေ့တွင် သေနတ်သမားများနှင့် ဗုံးခွဲသူများက မြို့တော်ကဘူး၏ အနောက်တောင်ဘက် ၁၂၀ကီလိုမီတာ (၇၅မိုင်)အကွာရှိ ဂက်ဇနီမှ အကျဉ်းထောင်၏ ပင်မဝင်ပေါက်တွင် ပေါက်ကွဲပစ္စည်းများတင်လာသည့် ကားများကို ဖောက်ခွဲကာ ထောင်ဖောက်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဂက်ဇနီ လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမတ် အလီ အာမာဒီ၏ ပြောကြားချက်အရ တာလီဘန်အဖွဲ့ဝင် ၁၅၀အပါအဝင် အကျဉ်းသား ၃၅၂ယောက်ခန့် လွှတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်သွေးကြွ၇ဦးနှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် တာလီဘန်အုပ်စုရှိနေကြောင်းနှင့် စစ်သွေးကြွများက အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားအားလုံး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘူဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။

တိုက်ခိုက်မှုတွင် အာဖဂန်လုံခြုံရေးတပ်သားနှင့် အကျဉ်းထောင်အစာင့်ရဲ ၄၀သေဆုံးခဲ့သလို၊ ဗုံးခွဲသမား ၃ဦးလည်း သေဆုံးခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်ဒဏ်ခံနေရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံခြားတပ်ဖွဲ့ ထောင်ပေါင်းများစွာ ရှိနေသော်လည်း အကြမ်းဖက်မှုများမှာ တရိပ်ရိပ်ကြီးထွားလာလျှက်ရှိနေသည်။ ဝါရှင်တန်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၀၁ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များက အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့ကြရာ တာလီဘန်တို့ကို ဖြုတ်ချဖယ်ရှားနိုင်ခဲ့သော်လည်း နိုင်ငံတစ်နံတစ်လျားတွင် မလုံခြုံမှုက စိုးမိုးနေမြဲသာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly