ဆီးရီးယားတွင် ရုရှ၏ စစ်ရေးတည်ဆောက်မှုသည် အကြမ်းဖက်မှု ပိုဖြစ်စေမည်ဟု အမေရိကန်ပြော

ဆီးရီးယားတွင် ရုရှ၏ စစ်ရေးတည်ဆောက်မှုသည် အကြမ်းဖက်မှု ပိုဖြစ်စေမည်ဟု အမေရိကန်ပြော

ဝါရှင်တန်၊ စက်တင်ဘာ-၁၀ ။      ။ ဆီးရီးယားတွင် ရုရှတပ်ဖွဲ့များ တိုးမြှင့်လာမှုက အာရပ်နိုင်ငံ၏ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်သည့် စစ်ပွဲကို အရှိန်အဟုန်မြင့်တက်လာစေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ကို သတိပေးခဲ့သည်။

စက်တင်ဘာ ၉ရက်နေ့က ကယ်ရီက ဆာဂျီ လက်ဗရော့အား ဖုန်းခေါ်ဆိုရာတွင် သတိပေးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဆီးရီးယားတွင် ရုရှစစ်ရေးကျွမ်းကျင်သူများ ရောက်ရှိနေပြီး၊ ဆီးရီးယားအစိုးရသို့ ထောက်ပံ့သည့် စစ်ယန္တရားစနစ်များကို အသုံးပြုပုံနှင့် ပတ်သက်ပြီး ဆီးရီးယန်းများကို ညွှန်ကြားနေကြသည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခရိုဗာက စက်တင်ဘာ ၉ရက်နေ့က ပြောကြားခဲ့သည်။

ရုရှမှာ နှစ်နိုင်ငံသဘောတူညီချက်များအရ ကာလကြာမြင့်စွာကပင် ဆီးရီးယားအား လက်နက်များနှင့် စစ်သုံးကိရိယာများ ထောက်ပံ့နေခဲ့သည်ဟု ဇာခရိုဗာက ပြောကြားခဲ့သည်။

လက်ဗရော့အား ဖုန်းပြောရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားတွင် ရုရှ၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းများအပေါ် စိုးရိမ်မိကြောင်းနှင့် အကယ်ရျ် သတင်းများသာ မှန်ကန်ခဲ့ပါက ဆီးရီးယားတွင် အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာပြီး ပိုရျ်လည်း မတည်မငြိမ်ဖြစ်လာနိုင်စေသည်ဟု မြင်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ် ဂျွန် ခါဘီက ဝါရှင်တန်ဒီစီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

နယူးယောက်တိုင်းသတင်းစာကြီးကလည်း ရုရှက စစ်ရေးကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ကို ဆီးရီးယားသို့ စေလွှတ်ထားပြီး သမ္မတ ဘာရှား အယ်လ် အာဆတ်၏ အစိုးရအား ၎င်း၏ စစ်ရေးထောက်ပံ့မှုကို ချဲ့ထွင်ရန် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။

၂၀၁၁ခုနှစ် မတ်လမှစတင်ကာ ဆီးရီးယားနိုင်ငံတွင် အသေအပျောက်များလှသည့် မငြိမ်သက်မှုက လွှမ်းမိုးနေခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကာတာ၊ ဆော်ဒီ အာရေဗျ၊ တူရကီတို့အပါအဝင် ၎င်း၏ ဒေသတွင်းမဟာမိတ်များက ဆီးရီးယားနိုင်ငံအတွင်းတွင် စစ်ဆင်ရေးဆင်နွှဲနေကြသည့် စစ်သွေးကြွများကို ထောက်ပံ့နေသည်။

ဆီးရီးယားနိုင်ငံတွင် လေးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၃၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး သန်းပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကုလမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly