ဆီးရီးယားဒုက္ခသည်များကို အမေရိကန် ထပ်လက်မခံသင့်ဟု ရီပတ်ဘလီကင် သမ္မတလောင်းပြော

ဆီးရီးယားဒုက္ခသည်များကို အမေရိကန် ထပ်လက်မခံသင့်ဟု ရီပတ်ဘလီကင် သမ္မတလောင်းပြော

ဝါရှင်တန်၊ စက်တင်ဘာ - ၁၀ ။           ။ အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်းအဖြစ် အရွေးခံမည့်သူ ဝစ်စကွန်ဆင်ပြည်နယ်အုပ်ချုပ်ရေးမှူး စကော့ ဝေါ့ကားက အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုသင့်ကြောင်း ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အစောပိုင်းက နယူးဟင့်ပ်ရှိုင်းယားတွင် မေးမြန်းသည့်အခါ ဖြေကြားရန်ငြင်းဆန်ခဲ့ပြီးနောက် သူ၏ရပ်တည်ချက်နှင့်ပတ်သက်ရျ် ဝေါ့ကားက ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဝစ်စကွန်ဆင် အစိုးရရေဒီယိုက စက်တင်ဘာလ ၉ရက်နေ့က ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ဝါရှင်တန်အနေဖြင့် ဆီးရီးယားဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရန် အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ဖြိုခွင်းခြင်းတွင်သာ အာရုံစိုက်သင့်ကြောင်း ဝေါ့ကားက ဝစ်စကွန်ဆင် အာကလိုင်ရာတွင် ကျင်းပခဲ့ သည့် စီးပွားရေးညီလာခံတစ်ခုတွင် ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

အခုလက်ရှိမှာ ကျနော်တို့ဟာ ဘယ်ဆီးရီးယားဒုက္ခသည်ကိုမှ ထပ်မခေါ်သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က အမေရိကားက ဒုက္ခသည် ၇၀၀၀၀ကို လက်ခံခဲ့ရာမှာ ၂၀၀၀နီးပါးက ဆီးရီးယားက ဒုက္ခသည်တွေပါ ဟု ဝေါ့ကားက ပြောကြားခဲ့သည်။

ဒါ့ကြောင့် ကျနော်တို့ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို ပိုလုပ်နေပါတယ်။ တကယ်ဖြေရှင်းရမှာက ဒုက္ခသည်ပြဿနာမဟုတ်ပါဘူး။ ဒါက ရောဂါလက္ခဏာမျှသာပါ။ တကယ့်ပြဿနာအစစ်က အိုဘားမား အစိုးရဟာ အိုင်အက်စ်ကို ရင်ဆိုင်ဖြေရှင်းဖို့ ပျက်ကွက်နေတာပါပဲဟု ဝေါ့ကားက ပြောကြားခဲ့သည်။

ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဒုက္ခသည်အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရစဉ် အမေရိကသမ္မတလောင်းအဖြစ် အလားအလာရှိသူက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းပင်ဖြစ် သည်။

ဆီးရီးယားနှင့် အီရတ်တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် ဥရောပတွင် ယခင်က မကြုံဖူးခဲ့သည့် ဒုက္ခသည်အကျပ်အတည်းမှာ တရိပ်ရိပ်မြင့်တက်လာနေခဲ့သည်။

အဓိကအားဖြင့် စစ်ပြေးဆီးရီးယားများဖြစ်သည့် လူလှိုင်းလုံးကြီးများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည် ဟူသည်နှင့်ပတ်သက်ရျ် ဥရောပတိုက်ကြီးမှာ ကွဲလွဲနေသည်။

ဆီးရီးယားမှာ ၂၀၁၁ခုနှစ်ကတည်းက နိုင်ငံခြားနောက်ခံပြုထားသည့် စစ်သွေးကြွများကို ရင်ဆိုင်လာနေခဲ့ရသည်။ အကြမ်းဖက်မှုများက ဆီးရီးယားနိုင်ငံသား လေးသန်းကျော်ကို ဂျော်ဒန်နှင့် လက်ဘနွန် အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ပြေးဝင်ခိုလှုံစေသည်။ နောက်ထပ် ဆီးရီးယားပြည်သူ ၇.၂သန်းမှာလည်း ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကုလမှ ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ သိရသည်။

ယခုနှစ်တွင် လူပေါင်း ၃၀၀၀၀၀နီးပါးမှာ ဥရောပတွင် ပိုမိုကောင်းမွန်သောဘ၀ မျှော်လင့်ချက်ဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကကို စွန့်ခွာထွက်ပြေးလာခဲ့ကြသည်ဟု ကုလ ကိန်းဂဏန်းများအရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly