ကိုးကန့်တပ် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် ပါဝင်ရေး သမ္မတကိုယ်တိုင် ကိုင်တွယ်မည်

ကိုးကန့်တပ် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရာတွင် ပါဝင်ရေး သမ္မတကိုယ်တိုင် ကိုင်တွယ်မည်

ချင်းမိုင်၊ စက်တင်ဘာ ၉။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-MNDAA (ကိုးကန့်) ပါဝင်နိုင်ရေးအတွက် သမ္မတကိုယ်တိုင် ကိုင်တွယ်မည်ဟု စက်တင်ဘာ ၉ရက်က သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သမ္မတနှင့် တွေ့ဆုံရာတွင် ပါဝင်သည့် နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၉ရက် နံနက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် ၉ဦး နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"MNDAA နဲ့ ပတ်သက်တဲ့ကိစ္စကတော့ နိုင်ငံတော်သမ္မတကြီးက တိုက်ရိုက်ဆက်သွယ်နေတယ်။ တိုက်ရိုက် ကိုင်တွယ်နေတယ်လို့ ကြားပါတယ်။ နောက် နိုင်ငံတော်အစိုးရကလည်းပဲ MNDAA နဲ့ကိစ္စကို ဆက်သွယ်ပြီးတော့ တာဝန်ယူလုပ်ဆောင်သွားမယ်ဆိုတဲ့အပိုင်း ဒီကနေ့ ဆွေးနွေးပွဲမှာ တင်ပြတာရှိပါတယ်"ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ပါက ကိုးကန့်တပ်မတော်အနေဖြင့် ကြိုဆိုကြောင်း MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္ဈိမကို ပြောသည်။

“အကယ်၍ နဂိုကျနော်တို့ စွဲကိုင်ထားတဲ့ အားလုံးပါဝင်ရေးဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ရေရေရာရာ မသိရသေးပါဘူး။ ကျနော်တို့ကလည်း အားလုံးပါဝင်ရေးမူကို ဆက်လက် ရပ်တည်နေပါတယ်။ ငြိမ်းချမ်းရေးရတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောတဲ့ ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်ဆိုတာ အားလုံးပါဝင်ဖို့က ပိုသင့်တော်မလားလို့ မြင်ပါတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးလိုလားပါတယ်”ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

စက်တင်ဘာလ ၉ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် NCA လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသားများဘက်ကမူ အောက်တိုဘာ ၁၅ရက်ခန့် ဖြစ်နိုင်မည်ဟု ပြန်လည်ဆွေးနွေးထားသည်။

NCAတွင် လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့သာ လက်မှတ်ရေးထိုးပြီး တပြိုင်နက် စစ်ရေး၊ နိုင်ငံရေး အာမခံချက်များအားလုံး ရရှိမည် ဖြစ်ကြောင်း အစိုးရဘက်က အာမခံချက် ပေးထားသည်။

ကျန်နေသေးသော အဖွဲ့ ၆ ဖွဲ့ ပါဝင်လာရန်အတွက် စက်တင်ဘာ ၉ရက်တွင် ဆွေးနွေးခဲ့ပြီး ယင်းအဖွဲ့များ ပါဝင်လာရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက ဆက်လက်ကြိုးပမ်းကြမည်ဖြစ်သည်။

ကျန်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ပါတီ(PSLF)၊ ရခိုင်တပ် မတော်(AA)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ လားဟူဒီမိုကရက်တစ်ပါတီ (LDP)တို့ ၆ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

လက်ရှိ အစိုးရနှင့် လက်မှတ်ရေးထိုးမည့် အဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရေစီ သွေးစီး ညီညွတ်ရေး တပ်မတော်(NDAA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်မတော် (ABSDF)တို့ ဖြစ်သည်။

ကိုးကန့်ဒေသတွင် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် နေ့တိုင်းလို ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သလို၊ တစ်ပတ်လျှင် ၃ ရက်ခန့် မြေပြင် ထိုးစစ်ဆင်မှုသည်လည်း ရှိနေဆဲ ဖြစ်သည်ဟု ဦးထွန်းမြတ်လင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly