အပစ်ရပ်စာချုပ်ကို အစိုးရဘက်က အောက်တိုဘာပထမပတ် လက်မှတ်ထိုးလို၊ တိုင်းရင်းသားများ အဆုံးအဖြတ်မပေးနိုင်သေး

အပစ်ရပ်စာချုပ်ကို အစိုးရဘက်က အောက်တိုဘာပထမပတ် လက်မှတ်ထိုးလို၊ တိုင်းရင်းသားများ အဆုံးအဖြတ်မပေးနိုင်သေး

နေပြည်တော်၊ စက်တင်ဘာ ။ ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို အစိုးရဘက်က အောက်တိုဘာပထမပတ် လက်မှတ်ထိုးရန် လိုလားနေသော်လည်း တိုင်းရင်းသားများဘက်ကတော့ မဆုံးဖြတ်ရသေးကြောင်း အဆုံးအဖြတ်မပေးနိုင်သေး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက စက်တင်ဘာ ၉ရက် ညနေက မီဒီယာများကို ပြောသည်။

“ကျွန်တော်တို့ ဒီကနေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ လက်မှတ်ထိုးမယ်။ မထိုးဘူးဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ချက် မချသေးပါဘူး။ သမ္မတကြီးကတော့ လာမယ့် အောက်တိုဘာလဆန်းလောက်မှာ လက်မှတ်ထိုးနိုင်မယ့် အနေအထားမျိုး ဖြစ်မလားလို့ ပြောကြားထားတာတော့ ရှိပါတယ်"ဟု ပူးဇင်ကျုံးက ပြောသည်။

စက်တင်ဘာ ၉ရက် နံနက်ပိုင်းက သမ္မတနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့ ၁၅ဖွဲ့အနေဖြင့် အပစ်ရပ်လက်မှတ်ထိုးရန် သမ္မတဘက်က စက်တင်ဘာ ၂၉ရက်ကို ကမ်းလှမ်းလိုက်ပြီး တိုင်းရင်းသားများဘက်ကမူ အောက်တိုဘာ ၁၅ရက် ဝန်းကျင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော်တို့ ဒီကြားထဲမှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်တဲ့အဖွဲ့တွေက လက်မှတ်ရေးထိုးမှာပေါ့။ တဖွဲ့ချင်းဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလာညှိတာ အဖွဲ့လိုက် လာညှိတာဖြစ်ပေမယ့် တကယ်တန်းလက်မှတ်ထိုးမယ်ဆို တဖွဲ့ချင်းက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

အဖွဲ့အားလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်ရေးအတွက် တိုင်းရင်းသားများဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO) အစည်းအဝေးတွင် ပြန်လည်ညှိနှိုင်းတင်ပြကာ ထပ်မံ ဆုံးဖြတ်ရမည်ဟု ပူးဇင်ကျုံးက ပြောသည်။

"ဒီကိစ္စနဲ့ ဘက်ကလည်း EAOဘက်ကလည်း ဒီကြားထဲမှာ ညှိနှိုင်းပြီးတော့မှ ဒီကိစ္စက ဖြစ်နိုင်၊ မဖြစ်နိုင်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်လည်း လက်မှတ်ထိုးဖြစ်တယ်ဆိုရင် ဘယ်သူတွေပါမယ်။ ဘယ်သူတွေမပါဘူး။ အကယ်၍ ထိုးဖြစ်တယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးနဲ့ ထိုးကြမလဲဆိုတာကို အသေးစိတ် ကျွန်တော်တို့ ချမှတ်ပြီးမှ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့ဝင် ဦးလှမောင်ရွှေကမူ “ဖြစ်ဖို့များတာတော့ အောက်တိုဘာလ ၁ရက်၊ ၂ရက်၊ ၃ရက်တွေမှာ ဖြစ်ဖို့ ပိုပြီးတော့ များပါတယ်။” ဟု မီဒီယာများကို စက်တင်ဘာ ၉ရက် နေ့လည်ပိုင်းက ပြောကြားခဲ့သည်။

“ဒီနေ့ကတော့ တိုင်းရင်းသားတွေအကုန်လုံးက ကျွန်တော်တို့ မထိုးဘူးဆိုတာတော့ မပြောသွားဘူး။ ကေအင်န်ယူကတော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီဆိုတာတော့ ပြောသွားတယ်။ ကျွန်တော်တို့ဘက်က ပြောနိုင်တာကတော့ ၁၀ဖွဲ့ထက်မနည်း ပထမပတ်မှာ ထိုးနိုင်မယ်လို့တော့ မျှော်လင့်တယ်။”ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားလိုက်သည်။

အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရန် ကေအိုင်အို၊ ရှမ်းတပ်မတော် (တောင်+မြောက်)၊ ကေအင်န်ယူ၊ မွန်ပြည်သစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ အပါအဝင် အများစုက အဆင်သင့်ဖြစ်နေကြောင်း ခေါင်းဆောင်များက ပြောသည်။ သို့သော် အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ထားသည့်အတွက် အဖွဲ့အားလုံးပါမှသာ ဖြစ်နိုင်မည်ဟုဆိုသည်။

သမ္မတနှင့် ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးလက်မှတ်မထိုးထားသည့် အဖွဲ့ ခြောက်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-MNDAA (ကိုးကန့်)၊ တအောင်း/ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA/PSLF)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်)တို့ပါ အပစ်ရပ်စာချုပ်ထိုးနိုင်ရေး အတွက် ညှိနှိုင်းနိုင်ခဲ့သည်။

ညှိနှိုင်းမှုတွင် TNLA အဖွဲ့နှင့် ပတ်သက်ပြီး အစိုးရနှင့် နှစ်ဖွဲ့ချင်း ဆွေးနွေးကာ အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ရခိုင်တပ်မတော် -AAနှင့် ပတ်သက်၍မူ AAဌာနချုပ်သည် ကေအိုင်အိုဒေသတွင် အခြေစိုက်သည့်အတွက် ကေအိုင်အို လက်မှတ်ထိုးသည့်နှင့် တပြိုင်နက် AAကိုပါ တပါတည်း ပါဝင်မည်ဟု အစိုးရဘက်က ယူဆထားသည်။

“ဒီကနေ့ဆိုလို့ရှိရင် TNLA နဲ့ PSLF ပါ ပါဝင်နိုင်ဖို့ လမ်းစပွင့်သွားပြီလို့ ပြောလို့ရပါတယ်။”ဟု ပူးဇင်ကျုံးက ပြောသည်။ ကျန်အဖွဲ့များပါဝင်ရေးကိုလည်း ၎င်းတို့အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-MNDAA (ကိုးကန့်) အဖွဲ့ ပါဝင်ရေးကိုမူ သမ္မတကိုယ်တိုင် ကိုင်တွယ်မည်ဟု သိရသည်။

ယင်းအဖွဲ့များအနေဖြင့် NCA လက်မှတ်ထိုးအပြီး နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး အာမခံချက် အပြည့်အဝ ရရှိမည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။

သမ္မတဦးသိန်းစိန် နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် ၉ဦးသည် စက်တင်ဘာ ၉ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ နေ့လည်ပိုင်းတွင် ထိုဆွေးနွေးချက်များကို တိုင်းရင်းသားအဖွဲ့များသည် နေပြည်တော် The Lake Garden Hotelတွင် ပြန်လည်ဆွေးနွေးကာ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့အချို့နှင့် ထပ်မံတွေ့ဆုံကာ ဆွေးနွေးအတည်ပြုခဲ့သည်။

ညပိုင်းတွင်မူ ဒု-သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ညစာစားပွဲကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly