WFP က မူလတန်းကလေးငယ် ၂ သိန်းကျော်ကို အာဟာရကျွေးမှု ပြန်စမည်

WFP က မူလတန်းကလေးငယ် ၂ သိန်းကျော်ကို အာဟာရကျွေးမှု ပြန်စမည်
Photo credit - WFP

ရန်ကုန် စက်တင်ဘာ ၇ ။         ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မကွေးတိုင်းနှင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မူလတန်း ကလေး ၂သိန်းကျော်အတွက် အဟာရကျွေးခြင်း ကိုပြန်လည်စတင်မည်ဟု စက်တင်ဘာ ၇ရက်တွင် ထုတ်ပြန်သည်။

"အရင်တုန်းက ကျောင်းဖွင့်တဲ့အချိန်ဆိုတာနဲ့စတာ အခုနှစ်မှာ ရေဘေးကြောင့် မိုးရာသီကျောင်းဖွင့်ချိန်မှာ မစခဲ့နိုင်ဘူး။

အခုဒီလအတွင်းပြန်စမှာ။ ကျောင်းဖွင့်တဲ့ရာသီတစ်လျောက် အာဟာရကျွေးသွားမှာပါ၊" ဟု WFP မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းအဟာရကျွေးခြင်းတွင်  အထက်ဖော်ပြပါတိုင်းနှင့် ပြည်နယ်များအတွင်းမှ မူလတန်းကျောင်းပေါင်း ၂,၃၀၀ မှ ကလေးငယ် ၂၂၇,၀၀၀ အား သတ္တုဓါတ်ပါဝင်သည့် အာဟာရဖြည့် ဘီစကစ်များကို ကျောင်းဖွင့်ရာသီတစ်လျောက် နေ့စဉ်ထောက်ပံ့ပေးမည်ဟု WFP မှ သိရသည်။

လာမည့် ၂၀၁၆- ၂၀၁၇ခုနှစ် ပညာသင်နှစ်တွင်မူ ကလေးအာဟာရကျွေးမွေးမှုကို ယခုနှစ်ထက် နှစ်ဆတိုးကာ ရည်ရွယ်ထားပြီး WFP နှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းနေပြီး မူလတန်းကြိုနှင့် အခြေခံမူလတန်းကျောင်းပေါင်း ၄,၀၀၀ ရှိ ကျောင်းနေကလေး ၅ သိန်း အထိ ထောက်ပံ့မည်ဟု WFP Myanmar က ထုတ်ပြန်သည်။

သို့သော် ယင်းအရေအတွက်မှာ တနိုင်ငံလုံးရှိ မူလတန်းကြိုနှင့် အခြေခံမူလတန်းနေ ကလေးများအားလုံး၏ ၁၀ ရာခိုင်နှုန်း အောက်သာရှိသည်ဟု သိရသည်။

ရန်ပုံငွေလိုအပ်ချက်ကြောင့် အာဟာရကျွေးခြင်းလုပ်ငန်းကို ပြီးခဲ့သည့်စာသင်နှစ်အတွင်း ၂၀၁၄ ခု နိုဝင်ဘာမှ ၂၀၁၅ ခု ဖေဖော်ဝါရီလအထိ ရပ်နားခဲ့ရသည်။

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP - က အရေးပေါ်ရေဘေးတုန့်ပြန်မှုမှတဆင့် လူဦးရေ ၄၅၅၀၀၀ ကျော်ကို ရိက္ခာထောက်ပံ့ခဲ့သည်ဟု ဆိုသည်။ WFP အနေဖြင့် ရေဘေးအတွက် ကန်ဒေါ်လာ ၁၂ သန်းအပါအဝင် အမေရိကန် ဒေါ်လာ ၂၇သန်း လိုအပ်သည်ဟု ပြောသည်။

"ရေဘေးအတွက် လမ်းတွေပြင်ပေးတာ အစရှိတဲ့လုပ်ငန်းတွေကို ၂၀၁၆အထိ လုပ်ပေးဖို့ရယ်။ WFP က အရင်ပုံမှန် လုပ်နေတဲ့ HIV ကူးစက်ခံရသူများအတွက် အထောက်အပံ့အပါအဝင် တစ်ခြားလုပ်ငန်းတွေအတွက် စုစုပေါင်း ရန်ပုံငွေ ၂၇သန်းလောက်လိုအပ်တာပါ။" ဟု အမည်မဖော်လိုသူ WFP ဝန်ထမ်းက ပြောသည်။

WFP သည် နိုင်ငံပေါင်း ၈၀ မှ လူသန်း ၈၀ ခန့်ကို နှစ်စဉ် ကူညီပံ့ပိုးနေသည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags