စစ်တပ်ကိုထိန်းချုပ်နိုင်ရန် လွှတ်တော် အခရာကျဟုဆို

စစ်တပ်ကိုထိန်းချုပ်နိုင်ရန် လွှတ်တော် အခရာကျဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၆ ။ ။ စစ်တပ်ကို ပြည်သူမှ ထိန်းချုပ်နိုင်ရေးတွင် လွှတ်တော်သည် အဓိကကျသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ရန်ကုန်မြို့ Orchidဟိုတယ်တွင် စက်တင်ဘာ ၆ရက်က ပြုလုပ်သည့် ဒီမိုကရေစီစစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ၊တက္ကဆက်ပြည်နယ်ရှိ အော်စတွန်တက္ကသိုလ်မှ စစ်ဘက်အရပ်ဘက်ရေးရာ ကျွမ်းကျင်သူ ပရောဖက်ဆာ ဇိုတန်ဘရေနီက ပြောကြားလိုက်သည်။

“ပြည်သူကိုယ်စားပြုရွေးချယ်ထားတဲ့ လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေက အောင်မြင်တဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးတည်ဆောက်ရာမှာ အဓိကနေရာမှာရှိတယ်”ဟု ပရောဖက်ဆာ ဇိုတန်ဘရေနီကပြောသည်။

စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော အရပ်ဘက်အစိုးရမှ စစ်တပ်ကို သူ့နေရာနှင့်သူရှိစေရန် ထိန်းကျောင်းခြင်းကို ဆိုလိုကြောင်း ဆွေးနွေးချက်များအရ သိရသည်။

လက်ရှိလွှတ်တော်တွင် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များသာ ပါဝင်ခြင်း မရှိသည်သာမက စစ်တပ်မှခန့်အပ်သော စစ်သားလွှတ်တော်ကိုယ်စားလှယ်များမှာလည်း ၂၅ရာခိုင်နှုန်းစီ ပါဝင်နေသည်။ ထို့ပြင်မြန်မာ့နိုင်ငံရေး၊ စီးပွားရေး စသည့် အဖက်ဖက်တွင် စစ်တပ်မှ ပါဝင်ပတ်သက်မှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်ဆိုသော်လည်း ထိုကဲ့သို့စစ်တပ်၏ ပါဝင်ပတ်သက်မှုများခြင်းသည် ပြည်သူက စစ်တပ်ကို ထိန်းချုပ်နိုင်ရန်အတွက် အခက်ခဲဆုံး အခြေအနေဖြစ်နေကြောင်း ဆွေးနွေး ပွဲတွင် ထောက်ပြ ပြောဆိုကြသည်။

“လာမယ့် ၂၀၁၅ မှာ တင်းမာမှုတွေ၊ စိန်ခေါ်မှုတွေ ရှိလာမယ်လို့မြင်တယ်၊ ဘာလို့လဲဆိုတော့ အင်စတီကျူးရှင်းတွေအရ ဒီမိုကရေစီမဆန်ဘူး၊ စစ်တပ်အင်အားက ကြီးနေတယ်၊ အဲဒီမှာ အရပ်သားတွေက နိုင်ငံရေးလောကထဲ ပိုဝင်ရောက်လာတယ်၊ ရွေးချယ်ခံထားရတဲ့ အရပ်သားတွေက ပိုပြီးခရီးဆက်ချင်တယ်၊ ဒီဘက်က စစ်တပ်ကလည်းရှိနေတော့ အဲဒီနှစ်ခုကြားမှာ စိန်ခေါ်မှုတွေရှိလာမယ်” ဟု Burma Studies Centre(Yangon) တည်ထောင်သူ ကိုရဲမှ သုံးသပ်ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည်လည်း  ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် လွှတ်တော်တွင်း ဆောင်ရွက်ချက်များအတွက် စစ်တပ်နှင့်ထိပ်တိုက်တွေ့ စေခဲ့သောကြောင့် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီမှ ရာထူးဖြုတ်ချခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ကိုရဲက ဆက်လက် ပြောသည်။

ထိုသို့သော ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ရန် အချိန်တော်တော်များများယူကာ အပေးအယူ ညှိနှိုင်းမှုများ များစွာပြုလုပ်ရမည်ဖြစ်ကြောင်း ပရောဖက်ဆာဇိုတန်ဘရေနီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly