သင့်ရဲ့ ဦးနှောက်အကြောင်း ဘယ်လောက် သိပါသလဲ

သင့်ရဲ့ ဦးနှောက်အကြောင်း ဘယ်လောက် သိပါသလဲ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိန်းချုပ်တဲ့အပြင် ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ပါသေးတယ်။ သမိုင်းတစ်လျှောက်တွေးခေါ်ပညာရှင်များက ဦးနှောက်ဟာ ကျွန်တော်တို့ကို လူသားဆိုတဲ့ ဖြစ်တည်မှုကို ဖြစ်စေတဲ့ အရာတစ်ခုလို့လည်း ယုံကြည်ခဲ့ကြပြီး လူစိတ်ရဲ့ ရင်းမြစ်နေရာဖြစ်တယ်လို့လည်း လက်ခံခဲ့ကြပါတယ်။ ဦးနှောက်ဟာ လူသား အာရုံကြော စနစ်ရဲ့ အဓိက အင်္ဂါ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ အားလုံးကိုလည်း စီမံခန့်ခွဲနေတဲ့ အင်္ဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က လက်ခံ
ရရှိတဲ့ သတင်းအချက်အလက်တွေ အားလုံးကိုလည်း စီမံခန့်ခွဲတဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်နဲ့ အတွေးတွေ၊ ရေတိုမှတ်ဉာဏ်တွေ၊ ရေရှည်မှတ်ဉာဏ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါဝင်တဲ့ သိမှုဆိုင်ရာ လုပ်ဆောင်ချက်တွေအားလုံး ဖြစ်စေတဲ့ မူလဘူတ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဒီလောက် လူသားတွေအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ ဦးနှောက် အကြောင်းကို Hello Sayarwon ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဦးနှောက်တစ်လုံးဟာ ဘယ်လောက်ကြီးပါသလဲ။

ဦးနှောက် အရွယ်အစားဟာ တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ လိင်အမျိုးအစား၊ အသက်အရွယ်နဲ့ ခန္ဓာကိုယ် အလေးချိန်တွေ အပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒါပေမဲ့လေ့လာချက်တွေအရတော့ အရွယ်ရောက်ပြီး အမျိုးသားလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ပျှမ်းမျှ အားဖြင့် ၁၃၃၆ ဂရမ်ခန့် ရှိပြီး အရွယ်ရောက် အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ကတော့ ၁၁၉၈ ဂရမ်ခန့်ရှိတယ်လို့ဆိုပါတယ်။ မြန်မာ အလေးချိန်အရဆိုရင် တစ်ကျပ်သားမှာ ၁၆.၃၂၉၂ ဂရမ်ရှိတဲ့အတွက် အမျိုးသားတွေရဲ့ ဦးနှောက်ဟာ ၈၀.၈၁ ကျပ်သားခန့်ရှိပြီး အမျိုးသမီးဦးနှောက် အလေးချိန်ကတော့ ၇၃.၃၆၅ ကျပ်သားခန့်ရှိပါတယ်။ အရွယ်အစားပြောရမယ်ဆိုရင် လူသားတွေရဲ့ ဦးနှောက်တွေက အကြီးဆုံးမဟုတ်ပါဘူး။ နို့တိုက်သတ္တဝါတွေထဲမှာဆိုရင် sperm whale ( ဦးခေါင်းမှ ဖယောင်းပါတဲ့ ဆီထွက်တဲ့ ဝေလငါး) ရဲ့ ဦးနှောက်က အကြီးဆုံး ဖြစ်ပြီး ၃၅ တန်ကနေ ၄၅ တန်အထိရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က သတ္တဝါတွေ အားလုံးထဲမှာ လူသားတွေရဲ့ ဦးနှောက်ဟာ နာဗ်ကြောဆဲလ်တွေ ပါဝင်မှု အများဆုံးဖြစ်ပြီး ဒီနာဗ်ကြောဆဲလ် (neurons) တွေဟာ သတင်းအချက်အလက်တွေကို လျှပ်စစ်အချက်ပြချက်တွေဖြင့်သော်လည်းကောင်း ဓာတု အချက်ပြချက်တွေ အားဖြင့်သော်လည်း ကောင်း သိုလှောင်ပေးတဲ့ဆဲလ်တွေ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဦးနှောက်မှာ ဒီအာရုံကြောဆဲလ်တွေဟာ ဘီလီယံ ၁၀၀ အထိပါတယ်လို့ အရင်က ယူဆထားခဲ့ကြပေမဲ့ လေ့လာချက်တွေအရတော့ လူသားဦးနှောက်မှာပါတဲ့ neuron ဆဲလ်တွေဟာ ၈၆ ဘီလီယံ အထိသာ ရှိတယ်လို့ ဆိုပါတယ်။

လူသားတွေရဲ့ ဦးနှောက်ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။

Picture : Web Md

ဦးနှောက်မှာ အဓိကအားဖြင့် အဓိက အစိတ်အပိုင်း(၃) ခုပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ ဦးနှောက်အောက်ဘက်ပိုင်း က အမြစ်တစ်ခုနဲ့တူပြီး ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြောမကို ဆက်သွယ်ပေးထားတဲ့ brainstem ။ brain stem ဟာ အသက်ရူခြင်းလို အခြေခံအကျဆုံး လုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်။

cerebellum။

ဦးနှောက်ရဲ့ အနောက်ဘက်ပိုင်းမှာရှိပြီး လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ် ဟန်ချက်ညီဖို့ ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်း။

cerebrum (ဦးနှောက်၏ရှေ့ပိုင်း)

cerebrum ဟာ ဦးနှောက်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဦးခေါင်းခွံအတွင်းမှာ အများဆုံးနေရာယူထားတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ cerebrum မှာ ဘယ်ခြမ်းနဲ့ညာခြမ်းရှိပြီး အလယ်မှာ မြောင်းတစ်ခုနဲ့ခြားထားပါတယ်။ cerebrum ထဲမှာမှ cortex လို့ခေါ်တဲ့ ဦးနှောက်အပြင်လွှာဟာ တွေးတောခြင်းနဲ့ အလိုအလျောက်ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပါတယ်။ frontal lobes လို့ခေါ်တဲ့ ရှေ့ပိုင်း အခြမ်းက ပြဿနာ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်ပါတယ်။ ဦးနှောက်ကို meninges လို့ခေါ်တဲ့ အမြှေး ၃ လွှာက ဖုံးပေးထားပြီး အပြင်ကနေ ဦးခေါင်းခွံက ထိခိုက်မှုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဦးနှောက်ကို အစိတ်အပိုင်းတွေ ထပ်ခွဲနိုင်ပြီး ဒီအစိတ်အပိုင်း အသီးသီးက သိစိတ်၊ ဆုံးဖြတ်ချက်ချခြင်း၊ မှတ်ဉာဏ်နဲ့ သင်ကြားမှုတွေကို မှတ်သားခြင်း၊ ဆက်သွယ်ခြင်းနဲ့ ပြင်ပ နဲ့ အတွင်းပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေကိုသိရှိခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။ ဦးနှောက်ကို တစ်ရှုး အပျော့စားနဲ့ ဖွဲစည်းထားပြီး ဒီတစ်ရှုးထဲမှာမှ အညိုရောင်ပိုင်းနဲ့ အဖြူရောင် အပိုင်းဆိုပြီး ၂ မျိုးပါဝင်ပါတယ်။ ဒီ အပိုင်း ၂ ပိုင်းလုံးမှာ နာဗ်ဆဲလ်တွေ၊ နာဗ်ဆဲလ်မဟုတ်ဘဲ နာဗ်ဆဲတွေရဲ့ ကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးရတဲ့ ဆဲလ်တွေနဲ့ သွေးကြောတွေ ပါဝင်ပါတယ်။

ဦးနှောက်ဟာ ရေဓာတ်ပမာဏ များတဲ့အပြင် ၆၀ ရာခိုင်နှုန်းက အဆီတွေ ဖြစ်ပါတယ်။ ယနေ့ခေတ် လူသားမျိုးနွယ် Homo sapiens တွေရဲ့ ဦးနှောက်က ကမ္ဘာလုံးပုံစံဖြစ်ပြီး တစ်ခြားသော hominids မျိုးနွယ်ဝင် ချင်ပန်ဇီမျိုးနွယ်ဝင် မျောက်တွေရဲ့ ဦးနှောက်တော့ အနောက်ဘက်ပိုင်းမှာ အနည်းငယ်ပိုရှည်ပါတယ်။

ဦးနှောက်တစ်လုံးက စွမ်းအား ဘယ်လောက်သုံးသလဲ။

ဦးနှောက်ဟာ လူ့ခန္ဓာမှာ အသေးစား အင်္ဂါဖြစ်ပေမဲ့ စွမ်းအင်တော်တော်များများ လိုအပ်ပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းလောက်သာ ရှိပေမဲ့ ခန္ဓာကို တစ်နေ့သုံးဖို့လိုအပ်တဲ့ စွမ်းအင် ၂၅ ရာခိုင်နှုန်း အထိ ဦးနှောက်က အသုံးပြုပါတယ်။ ပထမတုန်းကတော့ ကြွက်တွေကိုလေ့လာခဲ့တဲ့ လေ့လာချက်အရ သိပ္ပံပညာရှင်အချို့က ဒီလို စွမ်းအားတွေကို ဦးနှောက်က ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ အတွက် အသုံးပြုလိုက်ပေမဲ့ တစ်ချို့သော စွမ်းအင်တွေကိုတော့ ဦးနှောက်ကျန်းမာနေစေဖို့ အတွက် သိုလှောင်ထားတဲ့ အတွက်ကြောင့် ကုန်သွားတာ ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လေ့လာချက်တွေ အရ ဦးနှောက်ဟာ ခန္ဓာကိုယ် အနာယူနေပြီးဘာလှုပ်ရှားမှုမှ မရှိတဲ့အချိန်မှာတောင်စွမ်းအားတော်တော်များများကို အသုံးပြုကြောင်းဆိုပါတယ်။ မေ့ဆေးပေးထားတဲ့အချိန်မှာ တစ်ခြားသော ခန္ဓာကိုယ် လှုပ်ရှားမှုတွေ ရပ်တန့်နေပေမဲ့ ဦးနှောက်တွင်း အစိတ်အပိုင်းတွေရဲ့ ဇီဝတွင်းဖြစ်ပျက်မှုနှုန်းက အလွန်များပြားနေပြီး ဦးနှောက်စွမ်းအား အများယူကို ယူသုံးနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါဆိုရင် အကြောင်းရင်းမရှိဘဲ ဦးနှောက်က ဘာကြောင့် စွမ်းအား အများဆုံး ကို အသုံးပြုနေပါသလဲ။ တကယ်တော့ ဦးနှောက်ဟာ အဲ့ဒီအချိန်မှာ အလုပ်တွေလုပ်
နေပြီး အဲ့ဒီနေ့မှာ ကြုံတွေ့ရတဲ့ သတင်းအချက်အလက်တွေနဲ့ အတွေ့အကြုံတွေကို နောက်အခါ ပြန်လည် အသုံးပြုနိုင်ဖို့ အတွက် စုစည်းနေတာ ဖြစ်ပါတယ်။

ဦးနှောက် အစိတ်အပိုင်း ဘယ်လောက်ကို ကျွန်တော်တို့ အသုံးပြုပါသလဲ။

ရုပ်ရှင်ကားတွေထဲမှာပါဝင်နေပြီး လူအများယူဆထားကြတဲ့ သာမန်လူဟာ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုထားပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ဘယ်လို အသုံးပြုရမလဲဆိုတာ သိရင် လူသားတွေဟာ အံ့မခန်း စွမ်းအားတွေ ပိုင်ဆိုင်နိုင်လိမ့်မယ် ဆိုတဲ့ ယူဆချက်ဟာ အမှားကြီး ဖြစ်ပါတယ်။

ဒီယူဆချက်ဟာ ဘယ်က စပြီး ဘာကြောင့် ဒီလို အလွယ်အကူ ပျံ့နှံ့လာသလဲဆိုတာ မသိပေမဲ့ ဖြစ်နိုင်တာ တစ်ခုကတော့ လူသားတွေဟာ သူတို့ ဦးနှောက်ရဲ့ ကျန်အစိတ်အပိုင်းတွေကို အသုံးပြုပြီး ပိုထူးခြားတဲ့ အစွမ်းတွေ ပိုင်ဆိုင်လာမယ်ဆိုတဲ့အချက်က စွဲဆောင်မှု ကောင်းလွန်းတဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီအချက်က တကယ့် အမှားကြီးဖြစ်ပါတယ်။ နံပတ် ၃ မှာ ဖော်ပြခဲ့တဲ့ အချက်အရ ဦးနှောက်ဟာ နားနေတဲ့အချိန်မှာတောင် အလုပ်လုပ်နေပြီး စွမ်းအင် အများအပြား လိုအပ်နေတာကိုတွေ့ရမှာပါ။ ဦးနှောက် Scan ဖတ်ချက်တွေအရ လူသားတွေဟာ အိပ်နေတဲ့အချိန်မှာတောင် ဦးနှောက် အစိတ်အပိုင်းတော်တော်များများကို အသုံးပြုနေပါတယ်။ ဦးနှောက် လုပ်ဆောင်ချက်လှိုင်းတွေနဲ့ ပြင်းအားတွေကတော့ ဦးနှောက်ဘာတွေကို မှတ်သားနေသလဲ၊ ဘယ်လောက် အိပ်ပျော်နေသလဲဆိုတဲ့ အချက်ပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။ ဥပမာ သင်ကိစ္စတစ်ခုအကြောင်း အဖြေရှာနေမယ်ဆိုရင် တစ်ချို့သော နာဗ်ဆဲလ်တွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလုပ်လုပ်နေမှာ ဖြစ်ပြီး ကျန်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေကတော့ တစ်ခြား အလုပ်တွေကို လုပ်နေမှာပါ။ ဒါကြောင့်ပဲ တစ်ခါတစ်ရံမှာ ပြဿနာတွေရဲ့ အဖြေက သင်မတွေးတော့တဲ့အချိန်၊ အိပ်စက်ပြီးတဲ့အခါမှ ထွက်ပေါ်လာတတ်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ဟာ အဆက်မပြတ် အလုပ်လုပ်နေလို့ပါပဲ။ တကယ်လို့ ဒီလို ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကို သာသုံးထားတဲ့ဆိုတဲ့ ယူဆချက်အတိုင်းသာဆိုရင် လေဖြတ်တဲ့ အခါ၊ ဦးနှောက်ထိခိုက်သွားတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်မှာလည်း ဘာချို့ယွင်းမှုမှ မခံစားရနိုင်ဘူးလို့ ဆိုရမှာပါ။ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရသွားတာနဲ့ ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ချို့ယွင်းမှုတွေ ပေါ်လာနိုင်တာကြောင့် ဒီယူဆချက်က လုံးဝမှားယွင်းနေတာကိုပြနေပါတယ်။

ဘယ်ဦးနှောက်လား၊ ညာဦးနှောက်လား။

ဒီနေ့ခေတ်မှာ သင်ဟာ ဘယ်ဦးနှောက်ကိုသုံးတဲ့သူလား၊ ညာဦးနှောက်ကို သုံးတဲ့ လူလားစစ်ဆေးပေးနိုင်တယ်ဆိုတဲ့ အင်တာနက် quizzes တွေကို တော်တော်များများမြင်ဖူးကြမှာပါ။ ဒါ့အပြင် ဘယ်ဦးနှောက်ကိုသုံးတဲ့လူဟာ သင်္ချာ ဉာဏ်ပိုကောင်းပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ လူတွေ ဖြစ်သလို ညာဦးနှောက်သုံးတဲ့လူတွေက ပိုပြီး တီထွင်ဖန်တီးဉာဏ်ရှိတယ်လို့ ဆိုတတ်ကြပါတယ်။

ဒါဆိုရင် ဒီအဖြေတွေက ဘယ်လောက်မှန်ပါသလဲ။

တကယ်တမ်းက ဘယ်လိုမှ မမှန်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဘက်ခြမ်းတွေဟာ သီးခြား လုပ်ဆောင်မှုတွေ ရှိကြပေမဲ့ လူတစ်ယောက်ဟာ ဦးနှောက်တစ်ဖက်ခြမ်းကိုပဲ အများဆုံး အသုံးပြုမနေပါဘူး။ လေ့လာချက်တွေအရ လူတွေဟာ ဘယ်ဦးနှောက်ရော၊ ညာဦးနှောက်ရော ညီညီမျှမျှ အသုံးပြုတတ်ကြပါတယ်။ ဦးနှောက်တစ်ခြမ်းနဲ့ တစ်ခြမ်း လုပ်ဆောင်မှုတွေတော မတူဘဲ ဘယ်ဦးနှောက်တွေက ဘာသာစကားဆိုင်ရာ လုပ်ဆောင်မှုတွေကိုပြုလုပ်ပြီး ညာဦးနှောက်ကတော့ ခံစားမှုနဲ့ အသံတိတ် ဆက်သွယ်ချက်တွေနဲ့ ပတ်သတ်တဲ့ လုပ်ဆောင်မှုတွေကို ပြုလုပ်ပါတယ်။

ဦးနှောက်က အသက်နဲ့ အမျှ ဘယ်လို ပြောင်းလဲသွားသလဲ။

အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သဘာဝအတိုင်း ရှုံ့လာပြီး နာဗ်ဆဲလ်တွေ ဆုံးရှုံးလာပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်တွေ မှတ်သားခြင်းနဲ့ ပြန်လည်ပုံဖော်ခြင်းဆိုတဲ့ သိစိတ် ဖြစ်ပေါ်ခြင်းကို လုပ်ဆောင်တဲ့ ဦးနှောက်ရှေ့ခြမ်းက frontal lobe အခြမ်းနဲ့ temporal lobe လို့လည်းခေါ်တဲ့ နားထင်အောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ hippocampus အခြမ်းတွေက အသက် ၆၀၊ ၇၀ ရောက်လာတဲ့အခါမှာ စတင်ရှုံ့လာပါတော့တယ်။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ဆဲလ်တွေ ဆုံးရှုံးလာနိုင်တယ်ဆိုပေမဲ့ လေ့လာချက်တွေအရ အသက်ကြီးတဲ့လူတွေရဲ့ ဦးနှောက်မှာလည်း ဆဲလ်အသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ hippocampus အပိုင်းဟာ ဦးနှောက်နာဗ်ကြောဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်ပြီး အရွယ်ရောက်သူ လူကြီးတစ်ယောက်ဟာ တစ်နေ့မှာ နာဗ်ဆဲလ် ၇၀၀ ခန့် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အသက်ကြီးနေတဲ့အချိန်မှာလည်း ပညာရပ်အသစ်တွေကို ဆက်လက်သင်ယူနိုင်ပါသေးတယ်။

ကျွန်တော်တို့ မြင်နေ၊ သိနေကြားနေတဲ့ အရာတွေ အားလုံးကို ဦးနှောက်က ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ ပတ်ဝန်ကျင်မှာ မြင်နေတွေ့နေရတဲ့ အသိတွေအားလုံးကို ဦးနှောက်က စီမံခန့်ခွဲပေးနေတာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ သိမြင်နားလည်ခြင်းဆိုတဲ့ အရာဟာ ဦးနှောက်က အာရုံခံ အင်္ဂါတွေမှ မြင်နေတဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့အရင်က လက်ခံသိရှိထားတဲ့ သတင်းအချက်အလေးတွေကိုပေါင်းပြီး ဦးနှောက်က ခန့်မှန်းပုံဖော်လိုက်တာဖြစ်ပါတယ်။

ဦးနှောက်နဲ့ ပတ်သတ်ပြီး လူသားတွေ အဆင့်မြင့်လေ့လာချက်တွေနဲ့ ဆေးပညာဆိုင်ရာ အဆင့်မြင့် နည်းပညာတွေသုံးပြီး လေ့လာခဲ့ပေမဲ့ အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ ဦးနှောက်ထဲမှာ ရှုပ်ထွေးတဲ့ သတင်း အချက်အလက်တွေကို ဦးနှောက်က ဘယ်လို စီစဉ်နေသလဲဆိုတာ မသိသေးပါဘူး။ နေ့တိုင်းနေ့တိုင်းမှာ ကျွန်တော်တို့တွေဟာ အံ့ဩဖို့ ကောင်းလွန်းတဲ့ ဒီအင်္ဂါက ဘယ်လို အလုပ်လုပ်ပေးနေသလဲဆိုတာ မသိကြဘဲ ပုံမှန်လုပ်နေကြ အလုပ်တွေ၊ ခံစားချက်တွေ၊ မှတ်ဉာဏ်တွေကို မှတ်သားနေကြပါတယ်။ တကယ်တော့ နောက်ကွယ်မှာ လူသားတွေရဲ့ အံ့ဩဖို့ အကောင်းဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်က စီမံခန့်ခွဲပေးနေတာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Weekly