အပေါင်းအသင်းတွေကြောင့် ဆေးလိပ်သောက်နေမိပြီလား

.

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

“ကျွန်တော်က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မှ ဆေးလိပ်သောက်ဖြစ်တာ။”

“ကျွန်တော်က ဝယ်မသောက်ဘူး။ သူငယ်ချင်းတွေ တိုက်တဲ့ဆေးလိပ်ကိုပဲ သောက်တာ။”

“ကျွန်တော် ဆေးလိပ်မသောက်ဘဲနဲ့လဲ အကြာကြီးနေနိုင်တယ်။ ဒီတော့ ကျွန်တော် ဆေးလိပ်မစွဲသေးဘူးပေါ့။ ”

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် ဒီစကားသံတွေကို ကောင်းကောင်းကြီး ကြားဖူးပါလိမ့်မယ်။ ဒီလိုမျိုး တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ တွေ့မှ သောက်တဲ့လူတွေကို “social smoker” လို့ခေါ်ပါတယ်။ ဒီအသုံးအနှုန်းဟာ ဆေးလိပ်စွဲနေပြီဆိုတဲ့ အသုံးအနှုန်းလောက်တော့ မဆိုးသေးပေမဲ့ အနည်းဆုံးတော့ ဆေးလိပ်သောက်နေကြပါသေးတယ်။ ဒီလို “social smoker” တွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေလောက်တော့ ဆေးလိပ်သောက်နေကြတဲ့သူတွေ မဟုတ်ပေမဲ့ ဆေးလိပ်အနည်းငယ်တော့ သောက်တတ်စပြုနေပြီဖြစ်ပါတယ်။ ဒီလို အချိန်ကို အစပျိုး အချိန်လို့ခေါ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ် ဘယ်လောက်ပဲ သောက်သောက် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

သင်ဟာ တစ်ခါတစ်ရံပဲ ဆေးလိပ်သောက်တတ်တဲ့လူတစ်ယောက်ဖြစ်စေဦး၊ ဆေးလိပ်သောက်တာနဲ့ကိုသင့်ရဲ့ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အားလုံးထိခိုက်နိုင်ပါတယ်။

ဆေးလိပ်သောက်တဲ့အခါ သင်ရဲ့ အဆုတ် တစ်ခုတည်းထိခိုက်သွားတာ မဟုတ်ပါဘူး။

ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ ဖြစ်ပွားတတ်တယ်လို့ လူတော်တော်များများ အပေါ်ယံသိထားကြပါတယ်။ ဒါပေမဲ့ မသိကြတဲ့အရာတစ်ခုက တစ်လိပ်လောက်ဖြစ်ပါစေ   ဆေးလိပ်သောက်ခြင်းဟာ နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ပထမဆုံး ဆေးလိပ်တစ်ဖွာဖွာလိုက်တာနဲ့ သင့်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုပုံစံပြောင်းလဲသွားပါတယ်။ နှလုံးခုန်မြန်လာပါတယ်။ လူတော်တော်များများက စီးကရက်ရဲ့ အခုလို ချက်ခြင်းသက်ရောက်တဲ့ အကျိုးဆက်တွေကို မသိကြပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ သွေးအတွင်းက သွေးထွက်ခြင်းကို ကူညီပေးတဲ့ platelet ဆဲလ်တွေကို ခဲစေပါတယ်။ ဒီလို ခဲစေခြင်းက နှလုံးဖောက်ပြန်မှု (heart attack) နဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာ အာရုံကြော စနစ်အတွင်းမှာလည်း တုံ့ပြန်မှုတွေကို ဖြစ်ပါတယ်။ သွေးကြောထဲ နီကိုတင်းရောက်လာတဲ့အခါမှာ အာရုံကြောက အဒရီနယ်လင်း (adrenaline) လို့ခေါ်တဲ့ သွေးဖိအားကို တိုးစေတဲ့ ဟော်မုန်းကို လွှတ်လိုက်ပါတယ်။ ဒီလို အဒရီနယ်လင်း ထွက်လာတဲ့အခါ သွေးဖိအားများလာတဲ့အပြင် နှလုံးခုန်နှုန်းကိုမြန်စေလာနိုင်ပြီး အသက်ရှုရခက်လာစေနိုင်ပါတယ်။

သင့်အနားက လူတွေအတွက် ကျန်းမာရေး အန္တရာယ်။

တစ်ဆင့်ခံဆေးလိပ်ဆိုတာ သင့်သောက်နေတဲ့ ဆေးလိပ်ငွေ့တွေက သင့်ရဲ့ပတ်ဝန်းကျင်က လူတွေထံ အငွေ့ရောက်သွားကာ ကျန်းမာရေး ထိခိုက်စေတဲ့အရာကိုပြောတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဒီလိုဆေးလိပ်သောက်တဲ့လူအနား ပုံမှန်နေပြီး ဆေးလိပ်ငွေ့တွေ ရှူမယ်ဆိုရင်လည်း ကင်ဆာနဲ့ နှလုံးရောဂါကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်က ဆေးလိပ်မသောက်ဘဲ ရောဂါဖြစ်ပွားရတာဟာ မတန်တာကြောင့် အနားမှာ ဆေးလိပ်သောက်တဲ့လူတွေ ရှိရင်လည်း အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။

ဆေးလိပ်ကို တစ်ခါတစ်ရံမှ သောက်တဲ့လူတွေအနေနဲ့လည်း သက်တမ်းစေ့မနေနိုင်ကြပါဘူး။ လေ့လာချက်တွေအရ တစ်နေ့ကို ဆေးလိပ် ၁ လိပ်အောက်သာ ပုံမှန်သောက်သုံးတဲ့လူတွေဟာလည်း ဆေးလိပ် လုံးဝမသောက်သုံးတဲ့လူတွေထက် သေဆုံးနိုင်ခြေ ၆၄ ရာခိုင်နှုန်း ပိုများတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ဆေးလိပ် ပုံမှန် ၁၀ လိပ်ခန့်သောက်သုံးတဲ့လူတွေကတော့ လုံးဝမသောက်တဲ့လူတွေထက် သေဆုံးနိုင်ခြေ ၈၇ ရာခိုင်နှုန်း ပိုများပါတယ်။

တစ်ခါတစ်ရံမှ ဆေးလိပ်သောက်တဲ့လူတွေရော ဆေးလိပ်စွဲသွားနိုင်သလား။

“social smoker” လို့ ကိုယ့်ကိုယ့်ကိုခေါ်နေကြတဲ့ လူတွေရဲ့ အကြီးဆုံး ပြဿနာကတော့ သူတို့ဟာ တစ်ခါတစ်ရံမှ ဆေးလိပ်သောက်သူဆိုတဲ့ အဆင့်မှာ အကြာကြီးမနေကြတာပါပဲ။ အထူးသဖြင့် တက္ကသိုလ်တွေမှာ ဒီပြဿနာ အဖြစ်များပါတယ်။ ကျောင်းသား အများစုက သူတို့တွေ ကျောင်းပြီးသွားတဲ့အခါကျရင်တော့ ဆေးလိပ်မသောက်တော့ဘူးလို့ စဉ်းစားတတ်ကြပေမဲ့ နောက်ပိုင်းမှာ ဆေးလိပ်ပိုသောက်လာကြပါတယ်။ သူတို့တွေက ဆေးလိပ်မသောက်လည်း နေနိုင်ပါတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်း ဆေးလိပ်ဖြတ်ဖို့က အဲ့လောက်ထိ မလွယ်ပါဘူး။ ဒါ့အပြင် မရှိတာထက် မသိတာခက်ဆိုသလိုပဲ ဒီလို တစ်ခါတစ်ရံဆေးလိပ်သောက်တတ်တဲ့သူတွေဟာ သူတို့ကို သူတို့ ဆေးလိပ်သမားလို့ မသိကြတာကြောင့်ဆေးလိပ်ဖြတ်ဖို့လည်း မစဉ်းစားမိကြပါဘူး။ ဒီတော့ သူတို့ရဲ့ ကျန်းမာရေးပဲ ထိခိုက်လာပါတော့တယ်။

ကိုယ်ရဲ့ ဆေးလိပ်သောက်နှုန်းကို စစ်ဆေးပါ။

သင့်အနေနဲ့ သင်ဟာ ဆေးလိပ်မစွဲသေးဘူးလို့ ထင်ရင်ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ သင်သောက်တဲ့ ဆေးလိပ်နှုန်း၊ သူငယ်ချင်းဆီက ဆေးလိပ်တောင်းသောက်တဲ့အကြိမ်အရေအတွက်ကို မှတ်သားထားမယ်ဆိုရင် ဆေးလိပ်စွဲနေပြီလား၊ မစွဲသေးဘူးလားဆိုတာ သိလာပါလိမ့်မယ်။ ဒီလို စစ်ဆေးဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့ သင်ဘယ်လို ဆေးလိပ်သောက်သလဲ၊ ဘယ်အချိန်ဆေးလိပ်သောက်သလဲဆိုတာကို စစ်ဆေးဖို့ပါပဲ။ သင်တစ်နေ့တာအတွင်း ဆေးလိပ်ဘယ်နှစ်လိပ်သောက်သလဲ၊ တစ်ပတ်တာအတွင်း ဆေးလိပ်သောက်သလဲ ဆိုတာကို မှတ်သားထားပါ။ မှတ်သားရမယ် ဆေးလိပ်အရေအတွက်ထဲမှာ သင့်သူငယ်ချင်းဆီက တောင်းသောက်တဲ့ ဆေးလိပ် အရေအတွက်လည်းပါပါတယ်။ ဒီလို မှတ်သားတဲ့အချိန်မှာ သင်ဆေးလိပ်သောက်တဲ့ နှုန်းက တစ်ပတ်နဲ့ တစ်ပတ် မတူတာကိုတွေ့လာပါလိမ့်မယ်။ သင်ဟာ သင်ထင်ထားတာထက် ဆေးလိပ်ပိုသောက်မိနေတာကိုလည်း တွေ့လာပါလိမ့်မယ်။

ဒါ့အပြင် ကိုယ်ဘယ်လို အခြေအနေတွေမှာ ဆေးလိပ်သောက်သလဲဆိုတာကိုလည်း မှတ်သားထားပါ။ သင်ဟာ အလုပ်မှာ စိတ်ဖိစီးတဲ့အခါမျိုးမှာ ဆေးလိပ်သောက်တတ်သလား။ ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာ ဆေးလိပ်သောက်တတ်သလား။ ဒါမှမဟုတ် ကော်ဖီ၊ အရက်သောက်တဲ့အချိန်မှာ ဆေးလိပ်သောက်တတ်သလား ဆိုတာကိုမှတ်သားထားပါ။ ဒါ့အပြင် ဘယ်သူမှ မရှိတဲ့အချိန်မှာမှ တိတ်တိတ်ပုန်းသောက်တတ်တာလားဆိုတာကိုလည်း မှတ်သားထားပါ။ ဒီလို မှတ်သားလိုက်တာနဲ့ သင်ဆေးလိပ်ဖြတ်ဖို့ ပိုလွယ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ “social smoker” တွေ ဟာ ဆေးလိပ် ပုံမှန်သောက်နေသူတွေလောက်နီကိုတင်း မစွဲသေးတာမို့ပါ။ ဒါကြောင့် ဆေးလိပ်သောက်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့ လူတွေ အနားမသွားတာမျိုး၊ ကိုယ်ဆေးလိပ်သောက်တတ်တဲ့ နေရာတွေ အနားမသွားတာမျိုးပြုလုပ်ပါ။ ဆေးလိပ်သောက်ပြတာထက် ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက်အဖြစ် ပြုလုပ်ပြနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတာမို့ ပေါင်းသင်းဆက်ဆံရေးကြောင့် ကျန်းမာရေးကို အထိခိုက်မခံပါနဲ့။

ကိုယ် ဆေးလိပ်ကို စွဲနေပြီဆိုတာနဲ့ ဆေးလိပ်ဖြတ်ဖို့အတွက် အကူအညီတောင်းရမှာကို ဘာမှ ရှက်နေစရာမလိုပါဘူး။ ဆေးလိပ်ဖြတ်ဖို့ အတွက် အစီအစဉ်များစွာရှိပြီး လူတိုင်း ကိုယ်နဲ့ အဆင်ပြေမယ့် အစီအစဉ်ကို အသုံးပြုနိုင်ပါတယ်။ Hello ဆရာဝန်မှာလည်းဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သတ်ပြီး အကူအညီရစေမယ့် ဆောင်းပါးတွေ တင်ဆက်ပေးထားကြောင့် မိတ်ဆွေအတွက် အသုံးဝင်ပါလိမ့်မယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်ဘာကြောင့် ဆေးလိပ်သောက်ရတာလဲ၊ သူငယ်ချင်းတွေကြောင့်လား၊ စိတ်ဖိစီးလို့လားဆိုတာ သိလာတာနဲ့ ဆေးလိပ်ဖြတ်ဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။