မူးယစ်ဆေးဝါးအမှုများအနက် ရ၇ မှုကို ဖော်ထုတ်အရေးယူထားပြီး တရားခံ ၁၀၀ကျော် ဖမ်းဆီး

မူးယစ်ဆေးဝါးအမှုများအနက် ရ၇ မှုကို ဖော်ထုတ်အရေးယူထားပြီး တရားခံ ၁၀၀ကျော် ဖမ်းဆီး

 

ရန်ကုန် ၊ ဇူလိုင် ၃၀ ။           ။ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသည့် အမှုများအနက်မှ အမှုပေါင်း (၇၇) မှုကို အမှုဖွင့်လှစ်အရေးယူထားပြီး တရားခံပေါင်း ၁၁၉ ဦးကို ဖမ်းဆီးရမိထားကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းအမှုပေါင်း ၇၇ မှုသည် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ရှစ်ရက်တာအတွင်း ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများကို အရေးယူထားခြင်းလည်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့မှုများတွင် ဘိန်းဖြူ(၅၉၃.၁၂)ဂရမ် ၊ ICE(ဝ.၅၅)ဂရမ် ၊ ဘိန်းမဲ(၃၀) ဂရမ် ၊ ဘိန်းစိမ်း(၃၁၃၂၆) ဂရမ်၊ အဝတ်ဘိန်း(၁၀ )ဂရမ် ၊ ဘိန်းချေးခဲ(၂၄.၅၀)ဂရမ်၊  ဘိန်းစာမှုန့်(၁၄၆၂ )ဂရမ် ၊ ဘိန်းစာရွက် (၃၂၆၆) ဂရမ်၊ စိတ်ကြွဆေးပြား (၁၇၃၇၅ ပြား)၊ ဆေးခြောက်(၁၃၁.၀၈ )ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြားဖော်ထုတ်သည့် မူးယစ်ဆေးဝါးအမှုပေါင်းသည် ဇူလိုင်လ၂၂ ရက်နေ့မှ၂၈ ရက်နေ့အထိ အမှုပေါင်း (၂၃၂) မှုဖမ်းဆီးရမိခဲ့သည်ဟု သမ္မတရုံး၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားခဲ့သည့် သတင်းများကို ဖော်ထုတ်အရေးယူခဲ့သည့် အမှုပေါင်း(၇၇) မှုနှင့် ရဲတပ်ဖွဲ့များမှ ဖော်ထုတ်ခဲ့သည့် အမှုပေါင်း (၂၃၂) မှုအပါအဝင် စုစုပေါင်း ၃၀၉ မှု ကို အရေးယူခဲ့ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများအားတားဆီးကာကွယ်ရန် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးမှ ဖွင့်လှစ်ထားကြောင်း ဇွန်လ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ ထူးခြားသည့် ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါးရောင်း/ဝယ်မှု ကိစ္စရပ်များကို ပြည်သူများမှလုံခြုံစိတ်ချစွာ သတင်းပေးတိုင်ကြားနိုင်သည်ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly