ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို သေမှုသေခင်းဖွင့်ထား

ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုကို သေမှုသေခင်းဖွင့်ထား
သေဆုံးမှုဖြစ်သောနေရာအား စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ-ဆေး ၂ ဒုပါချုပ် ဒေါက်တာဌေးလှ ဖေ့ဘွတ်ခ်

ရန်ကုန် ၊ ဇူလိုင် ၂၇ ။            ။ ယမန်နေ့ ဇူလိုင်လ ၂၆ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ရန်ကုန်ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ်ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့မှုကို သေမှုသေခင်းဖြင့် အမှုဖွင့်ရန် စီစဉ်ထားသည်ကို ကြားသိရသည်ဟု ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောသည်။

ယမန်နေ့က အဆိုပါကျောင်းသားမှာ ဗဟန်းမြို့နယ်အတွင်း ဖူဆန်အားကစားရုံအတွင်း ဘတ်စကက်ဘော ကစားနေစဉ် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောသည်။

“တရုတ်ဘုံကျောင်းစားသောက်ဆိုင်မှာ ဘတ်စကတ်ဘောကွင်းလည်းရှိတယ်။ အဲ့မှာကစားနေရင်းနဲ့ သူက မောလို့ သံပန်းကို မှီလိုက်တာ ၊ အဲ့သံပန်းမှာက လျှပ်စစ်စီးနေတာ သံပန်းအပေါ်မှာ မျက်နှာကြက်ပန်ကာရှိတယ်။ သံကြိုးနဲ့ ချည်ထားတာပေါ့။ အဲ့သံကြိုးကနေပြီးတော့ သံပန်းကို လျှပ်စစ်ဝင်နေတာပေါ့နော်” ဟု ဦးအောင်မြတ်ကျော်က ဆိုသည်။

ဓာတ်လိုက်ပြီးပြီးချင်း ရန်ကင်းကလေးဆေးရုံပို့ဆောင်သော်လည်း ဆေးရုံရောက်သည့်အချိန် နေ့လည် ၂ နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဓာတ်လိုက်သေဆုံးခဲ့သော ကျောင်းသား ကိုထွဋ်မျိုးလွင်သည် ရန်ကုန်ဆေးတက္ကသိုလ်(၂) နောက်ဆုံးနှစ်အပိုင်း(ခ)ကို တက်ရောက်နေသည့် ဆေးကျောင်းသားတစ်ဦးဖြစ်ပြီး ဒိုက်ဦးမြို့နယ်လာရောက်ပြီး ရန်ကုန်တွင် အဆောင်နေကာ ကျောင်းတက်ရောက်နေသူလည်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ရန်ကုန်တိုင်းအတွင်း တစ်လအတွင်း ကျောင်းသားနှစ်ဦး ဓာတ်လိုက်သေဆုံးခြင်းလည်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် က တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ပြတ်ကျနေသော ဓာတ်ကြိုးနှင့်ထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly