ဒေသအချို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း မိုး/ဇလသတိပေး

ဒေသအချို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း မိုး/ဇလသတိပေး
ကရင်ပြည်နယ် ရေကြီးမှုအခြေအနေများကို မြင်တွေ့ရစဉ် ။ Photo- EPA

ရန်ကုန် ၊ ဇူလိုင် ၂၆ ။        ။ ပဲခူးမြစ်၊ ရွှေကျင်မြစ် ၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် စိုးရိမ်ရေမှတ်အထက်တွင် ကျော်လွန်ပြီး ဆက်လက် တည်ရှိနေသည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့အနီး၌ စိုးရိမ်ရေမှတ်(၈၈၀ စင်တီမီတာ)အထက် ၃၁ စင်တီမီတာ( ၁ ပေ) ကျော်လွန်နေပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီး၌ စိုးရိမ်ရေမှတ်(၁၀၇၀ စင်တီမီတာ) အထက် ၁၃၉ စင်တီမီတာ( ၄.၅ ပေ) ခန့် မြင့်တက်နေသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့အနီး၌ စိုးရိမ်ရေမှတ်(၇၀၀ စင်တီမီတာ) အထက် ၇၄ စင်တီမီတာ(၂.၄ ပေ) ကျော်လွန်နေကာ သံလွင်မြစ်ရေသည် ဘားအံမြို့အနီး၌ စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ) အထက် ၁၀၁ စင်တီမီတာ(၃.၃ ပေ) ကျော်လွန်နေသည်ဟု မိုး/ဇလက ဇူလိုင်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေတို့သည်  ဟင်္သာတ ၊ ဇလွန် ၊ ငါးသိုင်းချောင်း ၊ သာပေါင်း မြို့အနီး၌ စိုးရိမ်ရေမှတ်နီးပါးရောက်ရှိနေကြကြောင်းသိရသည်။

စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေများ၏ မြင့်တက်လာမှုများကြောင့် ရွှေကျင်မြို့၌ ရေဘေးဒုက္ခသည် ၃၀၀၀ နီးပါးရှိနေပြီး စားနပ်ရိက္ခာထောက်ပံ့မှုများလည်း လိုအပ်နေသည်ဟု ရွှေကျင်မြို့နယ်မှတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းက မဇ္ဈိမသို့ ပြောဆိုထားသည်။

“စစ်တောင်းမြစ်နဲ့ ကျောက်ကြီးကြားထဲမှာ ရှိတဲ့ ရွာသေးသေးလေးတွေက နှစ်ဆယ်နီးပါးလောက်ရှိတယ်။ အဲ့ရွာလေးတွေက ရေနဲ့ ဆိုတော့ သွားလို့လာလို့မရဘဲ ပိတ်နေတယ်၊ အဆင်မပြေဘူး ရွှေကျင်ကို ဝိုင်းကူကြပါလို့ ပြောချင်ပါတယ်” ဟု ဒေါ်လှလှဝင်းက ဆိုသည်။

ဇူလိုင်လလယ်ပိုင်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်တို့တွင် ရေဘေးဒုက္ခများ ကြုံတွေ့ခံစားနေရခြင်းဖြစ်ပြီး ရေဘေးရှောင် ပြည်သူပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly