အိပ်မပျော်ဖြစ်နေသူအား ပယောဂကုသရာမှ လူသေဆုံးမှု ဖြစ်

အိပ်မပျော်ဖြစ်နေသူအား ပယောဂကုသရာမှ လူသေဆုံးမှု ဖြစ်

 

ပုသိမ်၊ ဇူလိုင် ၁၃ ။          ။ ဝါးခယ်မမြို့နယ် ၊ပိုက်တန်းကျေးရွာတွင် အသက် ၂၄ နှစ် အရွယ် အိပ်မပျော်သူအား ပယောဂဆရာဆိုသူက ကုသရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ငါးမြင်းချောင်းရွာ၊ပိုက်တန်းကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ မောင်ဝေမင်းဦး ညဘက်အိပ်မပျော်ဖြစ်ပြီး ယောင်ရမ်းပြီး အော်တယ်။ အဲဒါကို ပယောဂဆိုပြီး ကုသရန် လပွတ္တာမြို့နယ်က ပယောဂကုဆရာဦးအောင်အောင်ထွန်းက ငါးမြင်းကျေးရွာ ဦးဝင်းရွှေအိမ် ခေါ်သွားပြီး ၈ ရက်လောက် ကုသခဲ့တယ်။ ဇူလိုင်လ ၉ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဦးဝင်းရွှေက မောင်ဝေမင်းဦး မိဘတွေကို ပယောဂကုဆရာ ခေါ်ခိုင်းတယ်။ လိုက်သွားတော့ သားဖြစ်သူ မောင်ဝေမင်းဦးက ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ထို့ကြောင့် မိဘများက အုပ်ချုပ်ရေးမှူးအား အကြောင်းကြားပြီး အမှုဖွင့်ခဲ့ကြောင်း သိရပြီး ဝါးခယ်မမြို့နယ်၊ ကျုံမငေး နယ်မြေရဲစခန်း ပနံပတ်၉၀/၂၀၁၈ ရာဇသတ်ကြီး ၃၀၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သေဆုံးသူ မောင်ဝေမင်းဦးမှာ အသက်၂၄ နှစ်ရှိပြီး ပယောဂကု ဆရာဦးအောင်အောင်ထွန်းမှာ အသက် ၃၀ အရွယ်ဖြစ်ကာ သေဆုံးသူမှာ  ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly