ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia)

ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia)

ရေးသားသူ Dr. Sein Moe Satt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အကျဉ်းကြောက်ရောဂါ  ( Claustrophobia ) ဆိုတာ နေရာကျဉ်းကျဉ်းလေး ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေး ထဲ မှာ ပိတ်မိနေမှာကို အကြောက်လွန်တဲ့စိတ်ပါ။ ဓာတ်လှေကားတွေ၊ လူထူထပ်တဲ့နေရာတွေ၊ ပြူတင်းပေါက်မပါတဲ့အခန်းတွေ၊ အများသုံးအိမ်သာတွေ၊ စတိုးဆိုင်တွေက အဝတ်လဲခန်းတွေ၊ ကားသေးသေးတွေနဲ့ အဝတ်အစားကြပ်ကြပ်တွေကို ကြံု ရ ၀တ်ရတာကစလို့ ဒီအကျဉ်းကြောက်ရောဂါဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါတွေထဲက တစ်ခုဖြစ်ပြီး မျိူးရိူးဗီဇ နဲ့လဲ ဆိုင်တယ်လို့ တချို့က ဆိုကြပါတယ်။

လေ့လာမှူတစ်ခုအရတော့ အကျဉ်းကြောက်ရောဂါဟာ… ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှူန်းကနေ ခုနစ်ရာခိုင်းနှူန်း လောက်အထိ ဖြစ်နိုင်ပြီး ဒီလိုဝေဒနာခံစားရသူတွေထဲက နည်းနည်းကသာ ကုသမှူခံယူကြတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာများ

အဓိက လက္ခဏာ နှစ်ခုရှိပါတယ်။ ကျဉ်းကျဉ်းကြုတ်ကြုတ်နေရတာကို ကြောက်တာနဲ့ အသက်ရှူကြပ်မှာကြောက်တာပါ။ အခန်းကျဉ်းတွေ၊ သော့ခတ်ထားတဲ့အခန်းတွေ၊ MRI ဒါမှမဟုတ် CT ရိုက်တဲ့အခန်းတွေ၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ ရထား တွေ၊ ဥမင်လိုဏ်ခေါင်းတွေ၊ ရေအောက်လိုဏ်ဂူတွေနဲ့ ဓာတ်လှေကားတွေထဲက အနည်းဆုံးတစ်ခုကို ကြောက်တတ်ကြပါ တယ်။ တချိူ့ဆိုရင် သွားဆရာဝန်ရဲ့ ကုလားထိုင်ကိုလဲ နာမှာကြောက်တာမဟုတ်ဘဲနဲ့ ကြောက်တတ်ကြပါတယ်။ ဒီလိုအ ကျဉ်းကြောက်ရောဂါရှိသူတွေ လွဲမှားစွာယုံကြည်တာတစ်ခုက အဲလိုအချိန်တွေမှာ သူတို့ရှူဖို့ လေမရှိဘူးဆိုတာပါပဲ။

တခြားလက္ခဏာတွေအနေနဲ့…. ချွေးစေးပြန်တာ၊ အသားတွေတုန်တာ၊ နှလုံးခုန်နှူန်းနဲ့ သွေးပေါင်ချိန်မြန်လာတာ၊ ခေါင်းမူး တာ သတိလစ်လဲကျတာ၊ အာခြောက်တာ၊ မောတာ၊ အသက်ရှူကြပ်တာ၊ တကိုယ်လုံးပူလာတာ၊ ပျိူ့အန်တာနဲ့ ခေါင်းကိုက် တာ၊ ထုံကျင်လာတာ၊ လည်ပင်းညှစ်ထားသလိုခံစားရတာ၊ ရင်ပတ်အောင့်တာနဲ့ စိတ်ရှူပ်ထွေးတာတွေ ခံစားရတတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

တကယ်တော့ အကျဉ်းကြောက်ရောဂါဆိုတာ… ကျိုးကြောင်းမခိုင်လုံဘဲ အလွန်အမင်းကြောက်နေတာမျိုးပါပဲ။ ဝေဒနာခံစား ရသူဟာ သူအသက်အန္တရာယ်မရှိမှန်း… သူ့စိတ်ကသာကြောက်နေတာဖြစ်မှန်း မသိမဟုတ်၊ သိပါတယ်။ သိရက်နဲ့ ကြောက် နေတာမျိူးပါ။လူ့ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေထဲမှာ Amygdala လို့ခေါ်တဲ့ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုရှိပါတယ်။ Amygdala ဟာ ကြောက်ရွံ့မှူနဲ့ဆိုင်ပါတယ်။ Fumi Hayano အပါအဝင် တခြား လေ့လာမှူတွေအရတော့ အကျဉ်းကြောက် ရောဂါဖြစ်သူတွေမှာ Amygdala ရဲ့ အရွယ်အစားဟာ ပုံမှန်လူတွေထက် ပိုသေးတယ် ဆိုပါတယ်။ တချို့သော သူတွေမှာ တော့ အကျဉ်းကြောက်ရောဂါဟာ သူတို့အရင်က ကြံုတွေ့ခဲ့ရတဲ့ အတွေ့အကြံုနဲ့လဲ ဆိုင်တယ်လို့ ဆိုပါတယ်။

 
နောက်ဆက်တွဲအနေနဲ့ဘာတွေဖြစ်နိုင်သလဲ

အခန်းတစ်ခုကိုဝင်ခါနီးရင် ထွက်ပေါက်ကိုရှာပြီး ထွက်ပေါက်နဲ့အနီးဆုံးမှာရွေးနေတတ်တာမျိူး လူကြပ်တဲ့နေရာတွေ ပါတီပွဲ တွေမှာ တံခါးပေါက်နားမှာပဲနေတာမျိူး လူကြပ်နိုင်တဲ့ အချိန်မျိူးမှာ ကားမောင်းတာ၊ ခရီးသွားတာကို ရှောင်လာတာမျိူး ဓာတ်လှေကားအစား ရိုးရိုးလှေကားကိုသာ အပင်ပန်းခံပြီး အထပ်အများကြီးတက်တာမျိူး ဖြစ်နိုင်ပါတယ်။

 
ဘယ်လိုကုသသလဲ

အပြုအမူဆိုင်ရာပြောင်းလဲရေးအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ အကျဉ်းကြောက်ရောဂါကို အများဆုံးကုသကြပါတယ်။ ကုသသူဟာ ဝေဒနာခံစားရသူရဲ့ အသိအမြင်ပြောင်းလဲဖို့အတွက် ဆွေးနွေးပေးရပါတယ်။ ဥပမာ…. လူနာက ဓာတ်လှေ ကားကိုကြောက်တယ်ဆိုရင်… ဓာတ်လှေကားတွေဟာ တကယ်တော့ ကြောက်စရာမဟုတ်တဲ့အကြောင်း၊ ကိုယ်ခရီးဆန့် လိုရာကို မမောမပန်းသက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန်ရောက်ဖို့ ကူညီပေးတဲ့အရာသာဖြစ်ကြောင်း သူနားလည်လက်ခံ လာတဲ့အထိ အချိန်ယူဆွေးနွေးပေးရပါတယ်။လူနာကြောက်တဲ့ပစ္စည်းကို အဆိုးမြင်တဲ့အချက်တွေကနေ ကောင်းတဲ့အချက် တွေရှိနေတဲ့အကြောင်း တဖြည်းဖြည်းနားလည်လက်ခံလာစေတာမျိူးပါ။

နောက်တနည်းကတော့ သူကြောက်တဲ့အရာတွေကို ရင်ဆိုင်စေတာမျိူးပါ။ အစပိုင်းမှာ ခဏလေးနဲ့ နောက်ပိုင်းကျရင် ပိုပြီးကြာကြာထိတွေ့စေပါတယ်။ ဥပမာ…. ဓာတ်လှေကားကြောက်တဲ့သူကို စစချင်းမှာ ဓာတ်လှေကားနဲ့ တစ်ထပ်လောက် သွားစေပြီး… တဖြည်းဖြည်းနဲ့ နှစ်ထပ်.. သုံးထပ် စသည်ဖြင့်တိုးပြီထိတွေ့စေတာမျိူးပါ။  S.J.Rachman ရဲ့ သုတေသနပြု မှူတွေအရတော့ ဒီလိုထိတွေ့ကုသမှူဟာ အကျဉ်းကြောက်ဝေဒနာရှင်တွေရဲ့ သူတို့ကြောက်ရွံ့တဲ့အရာတွေအပေါ်ကြောက်ရွံ့ မှူနဲ့ အဆိုးမြင်မှူကို 75 ရာခိုင်နှူန်းနီးပါး လျှော့ချပေးနိုင်တယ် ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Weekly