အရည်အသွေးမမီစာသင်ခုံများအား တာဝန်ယူလုပ်ဆောင်သည့် ကုမ္ပဏီအား နာမည်ပျက်စာရင်းကြေညာမည်

အရည်အသွေးမမီစာသင်ခုံများအား တာဝန်ယူလုပ်ဆောင်သည့် ကုမ္ပဏီအား နာမည်ပျက်စာရင်းကြေညာမည်

ပုသိမ်၊ ဇူလိုင်လ ၈ ။            ။ ဟင်္သာတခရိုင်အတွင်းရှိ ကျောင်းများမှ အရည်အသွေးမမီသော ကျောင်းစာသင်ခုံများအား တာဝန်ယူ လုပ်ဆောင်သည့် ဆန်းသစ်ထွန်းကုမ္ပဏီအား စာချုပ်ပါစည်းကမ်းအတိုင်း တရားစွဲပြီး နာမည်ပျက်စာရင်း ကြေညာသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာန တိုင်းပညာရေးမှူး၊ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ဝင်းက မဇ္စျိမသို့ ပြောသည်။

“တင်ဒါ လုပ်ထုံးလုပ်နည်း ရှိတယ်။ စာချုပ်ပါစည်းကမ်းတွေ အတိုင်း သူကို Black List သွင်းပြီး တရားစွဲ သွားမှာ ဖြစ်ပါတယ်။ ရက်လွန်တဲ့အတွက် သူတင်ထားတဲ့ပိုက်ဆံထဲက ရက်လွန်ကြေးတွေကို ဖြတ်ယူပြီး နိုင်ငံတော်ကို ပေးသွင်းသွားမှာပါ ” ဟု တိုင်းဒေသကြီးပညာရေးမှူးဒုတိယညွန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းက ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ ကျောင်းများတွင် အသုံးပြုရန် ကျောင်းခုံနိမ့် အစုံ ၉၀၀ နှင့် ၄ ယောက်တွဲ ခုံမြင့်ရှည် ၉၈၀ ခုံ ကို ဆန်းသစ်ထွန်းကုမ္ပဏီမှ တာဝန်ယူလုပ်ကိုင်ခဲ့ရာ လေးမျက်နှာမြို့နယ်ရှိ ကျောင်းများသို့ ပို့သော စာသင်ခုံ များ စံချိန်းစံနှုန်း မမှီသောကြောင့် စစ်ဆေးရာမှ ယခုကဲ့သို့ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လေးမျက်နှာမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးခိုင်က “ ခုံတွေနဲ ့ပတ်သက်ပြီး တင်ဒါအောင် ကုမ္ပဏီကို တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ပေးစေချင်တယ်၊နောက် ဌာနဆိုင်ရာတွေမှာ လည်း အရင်ကအတိုင်း အထက်အဆင့်ဆင့်ကို ပြန်လည်တင်ပြဆောင်ရွက်မှုမရှိသေးတာကို တွေ ့နေရတယ်၊ ပြည်သူဘဏ္ဍာဆိုတဲ့အသိနဲ ့ပတ်သက်ပြီး လုပ်စေချင်တယ်။ အထက်အဆင့်ဆင့်က အောက်ခြေတင်ပြချက် တွေကို အလေးထားဆောင်ရွက်စေချင်တယ်”ဟု ပြောသည်။

ဟင်္သာတခရိုင်တွင် ကျောင်းများတွင် လေးယောက်ထိုင်စာသင်ခုံ အနိမ့် ၉၀၀ နှင့်စာသင်ခုံအမြင့် ၉၈၀ လုံးအား ကျပ်သန်း ၈၂.၇၆ ဖြင့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ဆန်းသစ်ထွန်းကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

လေးမျက်နှာမြို့နယ်သို့ ပို့သည့် စာသင်ခုံများတွင် သစ်မာအစား သစ်မျိုးစုံ၊ ဆိုဒ်မျိုးစုံကို အသုံးပြုထားကြောင်း တွေ့ရှိရပြီး ကျိုးပဲ့နေသော ခုံများပါ ပါ၀င်နေခြင်းဖြစ်ကြောင်း သိရသည်။

"နမူနာခုံတွေအတ်ိုင်း မဟုတ်ဘဲ၊ Drawing အတိုင်း မဟုတ်ဘဲ ၊ အရည်အသွေးမမှီဘဲ ပို့လာတဲ့ ကုမ္ပဏီအနေနဲ့ သတ်မှတ်စံချိန်စံနှုန်းအတိုင်း ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန် ကျောင်းဖွင့်ချိန်မှာ မရဘူးဆိုရင် နောက်ကျနေတဲ့အချိန် အတွက်ကို ပထမလအတွက် ပေးသွင်းရမှာ။ ကျန်တဲ့ ၁ ရာနှုန်း၊ ဒုတိယလမှာ မပေးသွင်းနိုင်သေးရင် ပေးသွင်းရမှာ။ ကျန်တဲ့ ၂ ရာခိုင်နှုန်းကို   နောက်ကျကြေး ပေးသွင်းရမယ်။ တတိယလ မှာ မသွင်းနိုင်သေးရင် ကျန်တဲ့ ၃ ရာခိုင်နှုန်းကို နောက်ကျကြေးပေးသွင်းရမယ်၊ စံချိန်စံနှုန်းအတိုင်း ပြန်လည် ပြင်ဆင်မပေးဘူးဆိုရင် ကုမ္ပဏီကို ပထမအဆင့်အနေနဲ့တရားစွဲပြီး၊ဒုတိယအဆင့်အနေနဲ့ နာမည်ပျက်စာရင်းကို တိုင်းအတွင်းမှာသွားမယ်၊ တတိယအဆင့်အနေနဲ့ နာမည်ပျက်စာရင်းကို ပြည်နယ်နှင့် တိုင်း အားလုံးကို ပေးပို့ မယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ကုမ္ပဏီနှင့်ပတ်သက်ပြီး ပြောသည်။

မြန်အောင်မြို့နယ်သို ့ဆန်းသစ်ထွန်းကုမ္ပဏီက ပေးပို့သည့် ခုံများနှင့်ပတ်သက်ပြီး “ ပထမပို့တဲ့ ကျောင်းခုံ ၆၀ တွင် တည်ကော်အဖွဲ ့နှင့်သွားစစ်တဲ့အခါမှာ တင်ဒါအောင်စဉ်က သစ်မာနဲ့လို လက်တွေ ့မှာ အကာပါသားတွေ နဲ ့လုပ်ထားတာတွေ ့ရတယ်၊ ခုံတွေ မှာ လွယ်အိတ်တောင် သွင်းလို့မရတဲ ့အနေအထားတွေ ့ရတယ် ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်စုစုအောင်က ပြောသည်။

ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်ရှိ စာသင်ခုံအပါအဝင် မြန်အောင်မြို့နယ် ကျောင်းစာသင်ခုံများပါ အရည်အသွေးမမှီ ဖြစ်နေပြီး တိုင်းအစိုးရမှ ဟင်္သာတခရိုင်အတွင်းမှ  ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ အင်္ဂပူ မြို့နယ် များရှိ စာသင်ခုံများကိုပါ စစ်ဆေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly