ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ နှောင့်နှေးနေ

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ နှောင့်နှေးနေ

ဇူလိုင်လ ၃ ။                ။ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူထားတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် တွေဟာ အခုအချိန်အထိတော့ အကောင်အထည်ပေါ်ပေါက်လာတာမရှိသေးပါဘူး။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရကြားမှာ အချက်အလက် ပေးပို့မှု ဖြစ်စဉ်တွေ မှားယွင်းမှု ဖြစ်ပေါ်နေတာကြောင့် ကြန့်ကြာနေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရဘက်ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့တဲ့အချက်အလက်တွေဟာ ပြည့်စုံမှုမရှိဘူး လို့လည်း ပြောဆိုထားခဲ့ပါတယ်။

ဇန်နဝါရီလကတည်းက ပြန်လာဖို့ နှစ်နိုင်ငံသဘောတူညီထားပေမယ့် ဇူလိုင်လဆန်းပိုင်းအထိ နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ မရှိသေးဘဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ အဲဒီလို ကြန့်ကြာနေတဲ့အတွင်းမှာ ဘင်္ဂလားဒေ့ရှ်မှတဆင့် မလေးရှားနိုင်ငံသို့ လှေနဲ့ရွှေ့ပြောင်းခဲ့ကြတဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အလယ်ပိုင်းလောက်က ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေမှာတွေ့ရှိခဲ့တဲ့ လှေစီးဒုက္ခသည် ၁၀၄ ဦးထဲက  မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဒုက္ခသည် ၉၂ ဦးကို မူလနေထိုင်ခဲ့တဲ့ရပ်ရွာကို ပို့ဆောင်ပေးခဲ့ တယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလူတွေဟာ ပဋိပက္ခဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပြီး အဲ့ဒီကမှတဆင့် မလေးရှားကို သွားရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

“ဘူးသီးတောင် မောင်တောဘက်မှာ နေခဲ့တဲ့သူတွေ သူတို့ကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကယ်ဆယ်ရေးစခန်းတွေမှာလည်း နေခဲ့တဲ့သူတွေဆိုတာကို သိရတယ်။ သူတို့ရဲ့မူလနေရာမှာပဲ ပြန်နေချင်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ရဲ့ဆွေမျိုးတွေမိဘတွေ မိသားစုတွေက ဟိုဘက်မှာ စခန်းတွေမှာ ကျန်ခဲ့တဲ့သူတွေလည်းရှိတယ်။ အဲ့တော့ဒီမှာ ရှိနေတဲ့ နီးစပ်တဲ့ဆွေမျိုးရွာတွေမှာ နေချင်ပါတယ်ဆိုတဲ့အတွက် စာရင်းတွေပြုစုနေတယ်” ဟု ဦးစိုးအောင်က ပြောပါတယ်။

ဒီလှေစီးဒုက္ခသည်တွေကို ငါးခူရပြန်လည်လက်ခံရေးစခန်းမှာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူစစ်ဆေးပြီး မြန်မာနိုင်ငံမှာ တကယ်နေထိုင်ခဲ့ခြင်းဟုတ်မဟုတ်ကို သူတို့ အရင်နေထိုင်ခဲ့တဲ့ ရွာကအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူအတည်ပြုစစ်ဆေးခဲ့တာတွေကို မြန်မာအစိုးရဘက်က လုပ်ဆောင်ခဲ့ပါတယ်။

ငါးခူရစခန်းကိုရောက်ရှိနေခဲ့တဲ့ လှေစီးဒုက္ခသည်တွေထဲက အသက်(၁၈)နှစ်အရွယ်မိန်းကလေး တစ်ဦးကို မဇ္စျိမသတင်းဌာနက မေးမြန်းခွင့်ရရှိခဲ့ရာမှာ သူရဲ့ချစ်သူကောင်လေးက လှမ်းခေါ်လို့ မလေးရှားကို သွားရောက်မှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှော်မလာဖူဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလှေစီးဒုက္ခသည်များကို မူလရပ်ရွာများနှင့် နီးစပ်ရာဆွေမျိုးသားချင်းအိမ်များသို့ ပြန်လည်မပို့ဆောင်ခင် စပ်ကြားမှာ လှဖိုးခေါင်ကြားစခန်းမှာ ခဏထားရှိမှာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ မရှိသေးပေမယ့် သူနည်းသူ့ဟန်နဲ့ မြန်မာနိုင်ငံအတွင်းကို ပြန်လာတဲ့ သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီလူတွေကိုတော့ မြန်မာအစိုးရဘက်က မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူတွေလို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly