နွား ၂၂ ကောင်ကို သယ်ယူခွင့်မိန့်မရှိဘဲ သယ်သူများကို မင်းဘူး-အမ်း လမ်းတွင် ဖမ်းမိ

နွား ၂၂ ကောင်ကို သယ်ယူခွင့်မိန့်မရှိဘဲ သယ်သူများကို မင်းဘူး-အမ်း လမ်းတွင် ဖမ်းမိ

နွား ၂၂ ကောင်ကို တရားဝင် ခွင့်ပြုမိန့်မပါရှိဘဲ သယ်ယူသူ အမျိုးသား ခြောက်ဦးကို မင်းဘူး-အမ်း လမ်းမပေါ်တွင် မကွေးတိုင်း ရဲတပ်ဖွဲ့ဝင်တို့က ဇွန်လ ၂၂ ရက်တွင် ဖမ်းဆီးလိုက်သည်။

ကား ၁၂ ဘီးပေါ်တွင် တင်ဆောင်လာသည့် ကာလတန်ဖိုး ၁၇၆ သိန်းရှိ ခိုင်းနွား ၂၂ ကောင်ကို ခွင့်ပြုမိန့်မပါဘဲ သယ်ယူသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်း ပဒါန်းစခန်းမှူးကဆိုသည်။

ရဲတပ်ဖွဲ့မှ ရရှိထားသည့် သတင်းများအရ အမ်းမြို့နယ်ဘက်သို့ မင်းဘူး-အမ်း ကားလမ်းအတိုင်း 125 ဆိုင်ကယ် အနက်ရောင် စီးနင်းလာသည့် ဦးမောင်လှဦး၊ ချမ်းအေး မောင်းနှင်လာသည့် ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးခဲ့ရာ ယင်းတို့၏ နောက်တွင် ခွင့်ပြုမိန့်မပါဘဲ သယ်ယူလာသည့် နွားတင်ကားကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၂ ဘီးကားကို မင်းဘူး-အမ်း လမ်းမိုင်တိုင်အမှတ် (၃၃/၃) နှင့် (၃၃/၄) အကြား အရောက်တွင် ရပ်တန့်စေကာ ရှာဖွေစစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့သည့် အမှုဖြစ်သည်။

ထို့ကြောင့် ရှေ့ပြေးအဖြစ် ခရီးနှင်လာသူ ဦးမောင်လှဦး၊ ချမ်းအေး အပါအဝင် ကားမောင်းသူ စိုးကိုကို၊ ယာဉ်နောက်လိုက် ငွေသိန်းနှင့် ယာဉ်ပေါ်ပါ ဇော်လင်းဦး၊ ခင်မောင်ထူးတို့ ခြောက်ဦးကို ရဲက ဖမ်းဆီးထားသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် (၆)ဦးကို (ပ)၃၈ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်း ဥပဒေပုဒ်မ ၅ဖြင့် ငဖဲမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly