အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားများလိုလားသည့် နိုင်ငံရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် အဓိကကျသော အဖြေတစ်ခုဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC) က အခိုင်အမာ ယုံကြည်သည်။

ကမ္ဘာ့ဖက်ဒရယ် နိုင်ငံများ၌ ကျင့်သုံးနေသော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် မြန်မာ နိုင်ငံ၌ ကျင့်သုံးနေသော ဘဏ္ဍာရေးစနစ်တို့ကို တင်ပြထားပြီး ဖက်ဒရယ်စနစ်၏ ဝိသေသတစ်ခုဖြစ်သည့် လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း (division of powers) တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအပါအဝင် ဘဏ္ဍာရေး အာဏာများလည်း အကျုံးဝင်သည်။   နိုင်ငံရေးအာဏာသာရှိပြီး ဘဏ္ဍာရေးအာဏာ ချို့တဲ့ နေလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်နိုင်သည့်အပြင် ဖက်ဒရယ်စနစ် အရ ပေးထားသော   နိုင်ငံရေးအာဏာများ၏   ရေရှည်အကျိုးသက်ရောက်မှုမှာလည်း စိုးရိမ်ဖွယ် ဖြစ်နိုင်သည်။ ထို့ကြောင့် ဘဏ္ဍာရေးအာဏာများကို အစိုးရအဖွဲ့များအကြား စနစ်တကျနှင့် မျှတစွာ ခွဲဝေထားရန် လိုအပ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်အတွက် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို စတင် ပုံဖော်သွားရန် လိုအပ်ပါသည်။ လက်ရှိကျင့်သုံးနေသော ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ် စနစ်သည် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေပြီး ပြည်နယ်များ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများကို အကန့်အသတ်ဖြင့်သာ ပေးအပ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် ပြည်နယ် များအား ပေးအပ်ထားသော အခွန်အကောက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည့် နိုင်ငံရေးအာဏာရှုထောင့်အားဖြင့် ကြည့်လျှင် အလွန်အားနည်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်နယ်များ၏ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များကို တိုးချဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်များ၏ အခန်းကဏ္ဍကို မြင့်တင်ပေးသွားရန် အလွန်အရေးကြီးပါသည်။

လွပ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး နိုင်ငံရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်စနစ် ထူထောင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော်လည်း အာဏာရအစိုးရအဖွဲ့၊ အထူးသဖြင့် စစ်အစိုးရအဖွဲ့တို့ကသာ အသာစီးရခဲ့ကြပြီး ဗဟို ချုပ်ကိုင်မှု ကြီးစိုးသည့် တစ်ပြည်ထောင်အုပ်ချုပ်ရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်လာခဲ့သည်။ တိုင်းရင်းသားအဖွဲ့အစည်းများသည် ၎င်းတို့၏ ဖက်ဒရယ်ရည်မှန်းချက်အတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အမျိုးမျိုးသော ဖိနှိပ်မှုများကြောင့် စစ်အစိုးရကို လက်နက်စွဲကိုင်တော်လှန်သည့်နည်းဖြင့် မလွှဲမရှောင်သာ ရွေးချယ်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများသည် လည်း ဆယ်စုနှစ် (၇) ခုနီးပါး သက်ဆိုးရှည်နေပြီး မချုပ်ငြိမ်းနိုင်သေးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် ရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုအဖြစ် ရှိနေပါသည် ။

ထို့ကြောင့် ဖက်ဒရယ်စနစ်သည် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးသော သော့ချက်တစ်ခုဟု ရှုမြင်ကာ ဖက်ဒရယ်စနစ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘဏ္ဍာရေးဖက်ဒရယ် စနစ်၏ အခြေခံသဘောတရားများနှင့် ဖက်ဒရယ်နိုင်ငံအချို့၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်တို့ကို တင်ပြထားပါ သည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားအရ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာ များကို ခွဲဝေရာတွင် ချိန်ခွင်လျှာဖြစ်ရန် လိုပါသည်။ ဆိုလိုသည်မှာ တစ်နိုင်ငံလုံး၏ အကျိုးစီးပွားများကို ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအား ဘဏ္ဍာရေးအာဏာများ အပ်နှံ ထားမှုသည် ပြည်နယ်/တိုင်းဒေသကြီး များက ၎င်းတို့၏ အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အရေးကိစ္စများကို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ကို ကျင့်သုံးနိုင်ရန် ဘဏ္ဍာရေးအာဏာများ အပ်နှံထားမှုတို့သည် သဟဇာတဖြစ်ရန် အရေးကြီးပါသည်။ သို့မှသာလျှင် အစိုးရအဖွဲ့များအကြား ဖြစ်ပေါ်လာနိုင်မည့် ပဋိပက္ခများကို လျော့နည်းအောင်နှင့် ငြိမ်းချမ်းရေး ရေရှည်တည်တံ့အောင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းကြောင်းများ မတူညီကြသဖြင့် ၎င်းတို့ ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် အခြေခံတူညီချက်များ ရှိသကဲ့သို့ မတူညီသော အချက်များလည်းရှိသည်။ ဥပမာ - အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာများ ခွဲဝေမှုကို နိုင်ငံ၏ ဖွဲ့စည်းပုံထဲ၌ ထည့်သွင်း ပြဋ္ဌာန်းထား ခြင်း၊ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးမညီမျှမှုများကို ကုစားသည့် အစီအစဉ်များ ထားရှိခြင်းတို့ကို တွေ့ရပြီး ၎င်းတို့သည် ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားသည့်အပြင် ခေတ်ကာလအလိုက်လည်း ပြောင်းလဲမှု ရှိသည်ကို တွေ့ရသည်။ အရေးကြီးသော အချက်တစ်ခုမှာ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာအပါအဝင် လုပ်ပိုင် ခွင့် အာဏာများကို ခွဲဝေရာတွင် ကျိုးကြောင်းဆီလျော်သော အခြေခံမူများအပေါ် အခြေခံပြီး စနစ်တကျ ခွဲဝေ ထားသည်ကို တွေ့ရှိရသည်။ ဥပမာ - ပြည်သူနှင့် အနီးဆုံးအစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာအပ်နှံသည့် (Subsidiarity principle) မူအရ ပြည်နယ်/တိုင်းဒေသကြီးနှင့် ဒေသန္တရအစိုးရတို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတာဝန်များကိုသာ ပြည်ထောင်စုအစိုးရအား ပေးအပ်သည်။ ဘဏ္ဍာရေးအာဏာ များ ခွဲဝေရာ တွင်လည်း ထိရောက်မှု (efficiency) နှင့် မျှတမှု (equity) မူတို့ကို အခြေခံပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို ပို၍ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု (တစ်နည်းအားဖြင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင် ရွက်နိုင်မှု) နှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ဘဏ္ဍာရေးမျှတမှုကို ပို၍ အာမခံပေးနိုင်မှုတို့အပေါ် မူတည်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ဘဏ္ဍာရေးအာဏာများ ပေးအပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်၂၀၀၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ “ဒီမိုကရေစီနည်းကျ” ရွေးကောက်ပွဲများ ကျင်းပကာ အုပ်ချုပ်ရေး စနစ်သစ်ကို စတင်ကျင့်သုံးနေသော်လည်း ဗဟိုချုပ်ကိုင်မှု လွန်ကဲနေဆဲဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံ၏ အချုပ်အခြာအာဏာများ (ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး) ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များအကြား ခွဲဝေကျင့်သုံးထားသဖြင့် ယခင်စစ်အုပ်ချုပ်ရေးနှင့် နှိုင်းယှဉ်ကြည့်လျှင် ပြည်နယ်/တိုင်းဒေသကြီးများသည် သီးခြားလုပ်ပိုင်ခွင့်အာဏာအချို့ကို ရရှိကြသော်လည်း ဖက်ဒရယ်စနစ် အားဖြင့် လေ့လာကြည့်လျှင် ဥပဒေပြုရေးထက် စီမံအုပ်ချုပ်ရေးအာဏာအချို့ကို လွှဲပြောင်းပေးသည့် ဗဟို ချုပ်ကိုင်မှု ဖြေလျှော့မှုကသာ ပို၍များနေပြီး ပြည်နယ်/တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်အာဏာများမှာလည်း ရှင်းလင်းပြတ်သားမှု သို့မဟုတ် သေချာရေရာမှု မရှိသည်ကို တွေ့ရသဖြင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အားပေးမြှင့်တင်မှု အလွန်နည်းနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးစနစ်သည် ဗဟိုချုပ်ကိုင်မှု ဖြေလျော့မှုအချို့ ပြုလုပ်လာသည်ကို တွေ့ရသည်။ ဥပမာ - အသုံးစရိတ်ဆိုင်ရာလုပ်ပိုင်ခွင့်အချို့ကို ပြည်နယ်/တိုင်းဒေသကြီးများက လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့် ရှိပြီး အချို့သော ပြည်နယ်/တိုင်းဒေသကြီးအတွင်း အသုံးစရိတ်များကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ထိန်း ချုပ် နေဆဲ ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအခွန်အချို့မှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာငွေအချို့ကို ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ကောက်ခံရရှိရာဒေသအပေါ် အခြေခံပြီး သတ်မှတ် အချိုးအစားတစ်ခုဖြင့် ပြန်လည်မျှဝေ ပေးနေခြင်းသည် ကြိုဆိုရမည့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်သည်။ သို့ရာတွင် ထိုမျှဝေ အခွန်အချိုးအစားများသည် အလွန်နည်းနေပြီး ဆက်လက်တိုးမြင့်သွားရန် လိုသည်။ ထို့ပြင် သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသော ဝင်ငွေများကိုလည်း ပြည်နယ်/တိုင်းဒေသကြီးများနှင့် မျှဝေပေး သင့်ပြီး ပွင့်လင်းမြင်သာသော အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းမှု အစီအစဉ်များ ထားရှိသင့်ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းမှုမရနိုင်သေးသည့် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှု များ ရှိနေသော်လည်း အများပြည်သူလိုလားသည့် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးအတွက် ဆက်လက်ဖော်ဆောင် ရမည်ဖြစ်သည်။ ဤအကြံပြုချက်များသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရာတွင် အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။   ။

 

Mizzima Weekly