ရန်ကုန် ၊ ဇွန် ၂၂ ။ ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး နှုတ်ထွက်စာတင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်တစ်စုံတရာပေးရန်မရှိသေးဟု SNLD ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်က မဇ္စျိမသို့ပြောသည်။
“အဲ့ဒါတော့ အတည်ပြုလို့မရသေးပါဘူး။ စာကလည်း ပါတီကိုမရောက်လာသေးဘူး။ အဲ့တော့ ဘာမှ အတည်ပြုလို့ မရသေးပါဘူး” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က ဆိုသည်။
ရှမ်းဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး အသက် ရ၅ နှစ်ရှိပြီ ဖြစ်သည့် ခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ရာတွင် ဦးဆောင်သူတစ်ဦးလည်းဖြစ်သည်။
“လူတော်တော်များများကတော့ သူ့ကို ဆက်ပြီး ဦးဆောင်စေချင်တဲ့ သဘောထားရှိပါတယ်။ ဘာလို့ဆို သူက SNLD ဥက္ကဋ္ဌတင်မကဘူး။ SNLD နဲ့ ဆက်စပ်နေတဲ့ မဟာမိတ်အဖွဲ့တွေမှာလည်း သူက ဦးဆောင်နေတဲ့သူဖြစ်တယ်။ တော်တေ်ာများများက သူ့ကို မနှုတ်ထွက်စေချင်ဘူး” ဟု ရှမ်းပြည်နယ်အခြေစိုက် သျှန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က ဆိုသည်။
မည်သည့်အတွက်ကြောင့် ပါတီမှ အနားယူရန် နှုတ်ထွက်စာပေးပို့ခဲ့သလဲ ဆိုသည့် အချက်သိရှိရန် SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးအား မဇ္စျိမက ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။
ရှမ်းဝါရင့်နိုင်ငံရေးသမား ခွန်ထွန်းဦးသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
SNLD ပါတီ၌ နှစ်ပေါင်း ၃ဝ ကျော်ကြာ ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်သည့် ခွန်ထွန်းဦးသည်နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုထောင်၌ ၆ နှစ်ကြာနေခဲ့ရသူဖြစ်သည်။