ရာထူးတဆင့်ချ အရေးယူခံထားရသည့် တိုင်းစည်ပင်ညွှန်မှူးဟောင်းအား စည်ပင်ဒုညွန်မှူးရာထူးဖြင့် ပင်စင်ခွင့်ပြုပေးခဲ့

ရာထူးတဆင့်ချ အရေးယူခံထားရသည့် တိုင်းစည်ပင်ညွှန်မှူးဟောင်းအား စည်ပင်ဒုညွန်မှူးရာထူးဖြင့် ပင်စင်ခွင့်ပြုပေးခဲ့

ဇွန်လ ၁၀ ရက်၊ ပုသိမ် ။            ။ ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးမှ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုညွှန်ကြားရေးမှူးအဖြစ် ရာထူးတဆင့်ချ အရေးယူခံထားရသည့် စည်ပင်ဒုညွန်မှူး၏ ပင်စင်လျှောက်ထားမှုအား တိုင်းအစိုးရ ခွင့်ပြုလိုက်ကြောင်း သိရသည်။

"လက်ရှိ ဒုတိယညွန်ကြားရေးမှူးရာထူးဖြင့် နှစ်ပြည့်ပင်စင် ခံစားခွင့်တင်ပြလာပါတယ်။ အဲဒီ ဒုတိယ ညွန်ကြားရေးမှူးက စစ်ဘက်မှာလည်း တာဝန်ထမ်းဆောင်ခဲ့တယ်။ အရပ်ဖက်မှာလည်း တာဝန် ထမ်းဆောင်ခဲ့တယ်။ သူ နှစ်ပြည့်ပင်စင်ရယူခွင့်ရှိတဲ့ နှစ်တွေရှိလားဆိုတာ ပြန်စိစစ်ရပါတယ်။ ကာယကံရှင် တင်ပြချက်တွေကော ဌာနတင်ပြချက်တွေရော၊စစ်ဘက်၊ အရပ်ဘက် တာဝန်ထမ်းဆောင်ခဲ့တာ နှစ်ခုပေါင်းပြီး နှစ်ပြည့်ပင်စင်ပေးဖို့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်လို့ သက်ပြည့်ပင်စင်ပေးဖို့ တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ခဲ့တယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား ရာထူးတဆင့်ချခံရသော ဦးအောင်မင်းနိုင်သည် လုပ်ပိုင်ခွင့်မရှိဘဲ ၀န်ထမ်းများအား နေရာပြောင်းရွှေ့ခြင်းနှင့် လုပ်ငန်းတင်ဒါ ခေါ်ယူရာတွင် လက်အောက်ဝန်ထမ်းများဖြင့်သာ ကော်မတီဖွဲ့ခြင်းများဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် တင်ဒါစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိချက်အရ ဧပြီလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရာထူးတဆင့်နိမ့်ချပြီး ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

ဒုတိယညွန်ကြားရေးမှူအဖြစ် ရာထူးချထားခံရသူ ဦးအောင်မင်းနိုင်က ဧပြီလ နောက်ဆုံးပတ်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရထံ မူလရာထူးဖြစ်သည့် ညွန်ကြားရေးမှူးရာထူးဖြင့် ပင်စင်တင်ထားခဲ့ပြီး တိုင်းအစိုးရက လျှောက်ထားမှုအား လက်မခံခဲ့ကြောင်း သိရကာ ယခု ဒုတိယညွန်ကြားရေးမှူးရာထူးဖြင့် ပင်စင်ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာညွန်မှူးဟောင်းအား  တိုင်းဒေသကြီးအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နှစ်ပြည့်ပင်စင်အား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly