သာပေါင်းမြို့နယ် သစ်မှောင်ခိုမှုများအတွက် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးမည်

သာပေါင်းမြို့နယ် သစ်မှောင်ခိုမှုများအတွက် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးမည်

ပုသိမ်၊ ဇွန်လ ရ ။              ။ သာပေါင်းမြို့နယ် သစ်မှောင်ခိုမှုများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

" လွှတ်တော်ဥက္ကဋ္ဌက သေချာသိလိုတဲ့ အတွက် လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်သွားရန် ကြေညာခဲ့ပါတယ်။ လွှတ်တော်ပြီးသွားတဲ့ အချိန်မှာ လုပ်ဆောင်ရန်ရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၁/၂၀၁၈ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

သာပေါင်းမြို့နယ်အတွင်း တရားမဝင်သစ်မှောင်ခိုလုပ်ငန်းများအား တာဝန်ရှိသူများ က အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ပြီး အကျင့်ပျက်ခြစားကာ ဥပဒေ ချိုးဖောက်နေသူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် မည့်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

"မြစ်ဆိပ်ကမ်းတွင် တန်ပေါင်းရာချီသည့် တရားမဝင် သစ်အစုအဝေးကြီး ရှိနေခဲ့သည့်တိုင် မသိကျိုးကျွံပြုကာ မည့်သည်သစ်မျှ မတွေ့ရှိခဲ့သလို အကြောင်းပြန်ကြားလာခြင်း၊ တာဝန်သိပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်ရုံး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့သော၊ တန်ပေါင်းများစွာသော အဆိုပါသစ်များအား ဖမ်းဆီးရမိမှုစာရင်းတွက်ချက်ရာတွင် ဖမ်းဆီးစဉ်က အရေအတွက်ထက် တန်များစွာ လျော့၍ တွက်ချက်ထားခြင်းများကိုကြည့်လျှင် တရားမဝင်သစ်မှောင်ခိုလုပ်ငန်းများတွင် သစ်တောနှင့်ရဲဌာနမှ တာဝန်ရှိသူများ တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်ပတ်သက်နေသည်ကို  သံသယ ဖြစ်ရန် မလိုဘူး ”ဟု သာပေါင်းမြို့နယ်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက သစ်တောဌာနလုပ်ဆောင်မှုများအား ဝေဖန်ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းလွှတ်တော်အနေဖြင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌက ပြောသည်။

“ မေးခွန်းတွေနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေအပေါ်မှာ စုံစမ်းစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ဖြစ်တယ်။လွှတ်တော်တွင် မေးမြန်းတဲ့ မေးခွန်းတွေဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌဆီ တိုင်ကြားတဲ့ ကိစ္စတွေဖြစ်စေ လိုအပ်လာရင် သက်ဆိုင်ရာ နယ်မြေကိုယ်စားလှယ်ကို မေးမြန်းခြင်းပြုမယ်၊ လိုအပ်ရင်လည်း ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားပါမယ်၊ ဘာကြောင့်လည်း ဆိုပြည်သူလူထုက အမှန်တရားကို ပေါ်ပေါက်စေချင်တယ်။ လိုအပ် လာရင် ဖွဲ့စည်းဆောင်ရွက်ပြီး အစိုးရအဖွဲ့ကို ကောင်းမွန်တဲ့ အကြံဉာဏ်များ ကောင်းမွန်သော တည့်မတ်မှုများ ပြုလုပ်ပြီး ထိန်းကျောင်းမှုများ ပြုလုပ်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းသစ်အဖြစ်နဲ့ လွှတ်တော်စုံစမ်းစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁/၂၀၁၈ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် မြောင်းမြမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ရ ဦးဖြင့် ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဇွန်လ ၂၉ ရက် နောက်ဆုံးထားကာ သာပေါင်းမြို့နယ် အတွင်းရှိ  သစ်မှောင်ခိုကိစ္စများကို စစ်ဆေးပြီး စစ်ဆေးချက်၊ အကြံပြုချက်၊ သုံးသပ်ချက်များကို လွှတ်တော်ဥက္ကဋ္ဌဆီသို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly