တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးအမှုတွင် တရားလိုကိုစတင်စစ်ဆေး

တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးအမှုတွင် တရားလိုကိုစတင်စစ်ဆေး

ရန်ကုန်၊ ဇွန် ၆ ။              ။ လိုင်စင်မရှိဘဲ Oriental Spa အမည်ဖြင့် အလှပြင်ဆိုင်လုပ်ငန်းဗန်းပြကာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသူ ၁၇ ဦးအမှုတွင် တရားလိုဖြစ်သည့် တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်ကို စတင်စစ်ဆေးခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် စခန်းမှူးကပြောသည်။

ယနေ့ ဇွန်လ ၆ ရက်နေ့ တရုတ်နိုင်ငံသူ ၁၇ ဦးကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (က)/ (ခ) ဖြင့် ရုံးထုတ်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

“ တရုတ်နိုင်ငံသူ ၁၇ ယောက်အမှု တရားလိုကိုစစ်တာပါခင်ဗျ။ ဆိုင်ပိုင်ရှင်ကိုတော့မမိသေးပါဘူး။ ရှာတုန်းပါခင်ဗျ “ ဟု တောင်ဥက္ကလာပမြို့နယ် စခန်းမှူး ဒုရဲမှူးရွှေဌေးပြောသည်။

အဆိုပါ ပြည့်တန်ဆာ ၁၇ ယောက်လုံးသည် တရားဝင် ပတ်စပို့နှင့် စီးပွားရေးဗီဇာများကိုင်ဆောင်ထားသည့် သူများလည်းဖြစ်ကြောင်း ဒုရဲမှူး ကပြောသည်။

အလားတူ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ ပတ်စ်ပို့/ ဗီဇာ-မရှိ သည့် တရုတ်နိုင်ငံသား(၂) ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး ပါ(၈) ဦး ကိုလည်း ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁) ဖြင့်တရားစွဲဆိုထား ကြောင်းသိရသည်။

“ အလုပ်သမားတွေကိုတော့ ခေါင်းပေါ့ {  ပုဒ်မ ၅(၁)  } အဲ့တာနဲ့တရားစွဲတင်ဦးမှာ။ အဲ့ဒီ့အမှုမှာကျတော့ ကျွန်တော်တို့လိုက်တာ ။ ဒီအမှုမှာကျတော့ ဒီနေ့ထိတော့ ရှေ့နေမပါဘူးပေါ့။   ဖြစ်ရပ်တစ်ခုတည်းကိုဖမ်းတာကို နှစ်ခုပေါ့ ခွဲတင်လိုက်တာ ပြည့်တန်ဆာကိုတစ်မှုတင်တယ်။ ပြည့်တန်ဆာခေါင်း ကိုတစ်မှုတင်တယ် “  ဟု ဆိုင်ဝန်ထမ်း ၃ ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းကပြောသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်တွင် တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားသော Oriental Spa အမည်ရှိ အလှပြင်ဆိုင်သို့ မေလ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်စစ်ဆေးရာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မေလ ၂၃ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်မှ တရားလိုလုပ်ကာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဖြင့် တရားစွဲတင်ပို့ထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly