ရခိုင်ပြည်နယ်အမတ်တစ်ဦးကို အစိုးရက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်အမတ်တစ်ဦးကို အစိုးရက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်
ဓာတ်ပုံ - ဦးသန်းမောင်ဦး( Facebook)

 

ရန်ကုန် ၊ ဇွန် ၅ ။             ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဖမ်းဆီးစစ်ဆေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော်ဥက္ကဌထံ တင်ပြတောင်းဆိုထားသည်ဟု အမှုဖွင့်ခံရသူ ဦးသန်းမောင်ဦးက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“ပညာရေးမှူးရုံးက ရဲစခန်းမှာ သွားတိုင်ထားတယ်။ ဒီဘက်မှာကျတော့ ကျွန်တော်ကိုဖမ်းဖို့ လွှတ်တော်ဥက္ကဌဆီမှာ ခွင့်ပြုမိန့်တောင်းထားတယ်။ ဥက္ကဌ က အခုလောလောဆယ်မှာ လွှတ်တော်ကျင်းပဆဲမို့လို့ ခွင့်ပြုမိန့်တော့မပေးပါဘူး” ဟု ဦးသန်းမောင်ဦးက ဆိုသည်။
 
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရန် ရှိပါက လွှတ်တော်ဥက္ကဌထံ ခွင့်ပြုမိန့် တောင်းခံရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် လွှတ်တော်အစည်းအဝေးများ ကျင်းပနေခြင်းကြောင့်ဖမ်းဆီးရန် ဥက္ကဌက ခွင့်ပြုမိန့်ပေးခဲ့ခြင်းမရှိပေ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးကိုသူ၏ facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်း များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် ပညာရေး ၊ စီးပွားရေး ၊ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံးဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲအရှိဆုံး နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများမကြိုက်ဆုံးဖြစ်သည်ဟု ဦးသန်းမောင်ဦးက သူ့၏ facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
 
“မဟုတ်မဟပ်လာပြီး စွပ်စွဲရင်တော့ ကိုယ့်ဘက်ကတော့ ဖြေရှင်းရမှာပေါ့ဗျာ။ တစ်ဖက်သတ်ထိခိုက်နစ်နာအောင် ရေးတဲ့ဟာမှ မဟုတ်တာ၊ လက်ရှိပကတိအခြေအနေကို ပြည်သူလူထုကို တင်ပြတဲ့သဘောပါ” ဟု ဦးသန်းမောင်ဦးက ဆိုသည်။

ဦးသန်းမောင်ဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိထားသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly