ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
နွေရာသီ၊ ဆောင်းရာသီတွေမှာ အရေပြားခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြံုတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြံုတွေ့ရနိုင်ပါတယ်။ စိုစိုစိစိ ဖြစ်နေတဲ့ ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ မိုးရာသီ စိုစိုစွတ်စွတ်မှာ ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ခြေထောက်နဲ့ ခြေသည်းကြားမှာ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။
ဝက်ခြံ
မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကို ဖြစ်လွယ်ပါတယ်။ မျက်နှာအသားအရေဟာလည်း မိုးရာသီမှာ ခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေ ပျော်ပျော်ကြီး နေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားပါ။
ဦးရေပြား ယားယံခြင်း
မိုးရာသီကို အမျိုးသမီးတွေ စိတ်ကုန်တဲ့ အချက်တစ်ချက်ကတော့ ဦးရေပြား ယားယံခြင်း ဖြစ်နိုင်ပါတယ်။ မိုးရေ ခေါင်းထဲကို ထိပြီဆိုတာနဲ့ ဦးရေပြားယားယံခြင်းတွေ ဖြစ်လာပါပြီ။ နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေ ပေါ်လာတာပါ။ ဒါက လေထဲမှာ အစိုဓါတ်တွေ ပိုလျှံနေခြင်းကြောင့် ဖြစ်ပြီး မိုးရွာတဲ့အခါမှာ ပါလာတာပါ။ ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ ရောကာ ဦးရေပြားမှာ လိမ်းပါ။ နောက်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ သတိပြုရမှာကတော့ ဓာတုပစ္စည်းအများကြီး ပါတဲ့ ခေါင်းလျှော်ရည် မဖြစ်စေဖို့ပါ။
နီရဲယောင်ရမ်းခြင်း
မိုးရာသီမှာ ဘက်တီးရီးယားတွေနဲ့ မှိုကပ်စွဲမှုတွေ ပိုဖြစ်တာကြောင့် မျက်နှာမှာ နီရဲယောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်တော့ တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာမှာ အဆီထွက်ခြင်းတွေ လျှောကျစေဖို့အတွက်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာမှာ နီရဲယောင်ရမ်းခြင်းတွေ သက်သာမှာပါ။
ခြေသည်းမှိုစွဲခြင်း
ခြေသည်းနဲ့ ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားခြင်း၊ ဝဲပေါက်ခြင်း၊ ခြေသည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မိုးရေထဲမှာ လျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီး ဖြစ်တာပါ။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက် ဆေးကြောရပါမယ်။
မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို သိထားပြီးပြီဆိုတော့ ကြိုတင်ကာကွယ်ခြင်းတွေ ပြုလုပ်လို့ရပါတယ်။ အဓိကကတော့ မိုးရာသီမှာ အရေပြားသန့်ရှင်းအောင် ဂရုစိုက်ဖို့ပါပဲ။