မန္တ​လေး ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူများအနက် ၂၇ ဦး ​အောင်​မြင်​

မန္တ​လေး ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူများအနက် ၂၇ ဦး ​အောင်​မြင်​

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်​  မန္တ​လေး ဗဟိုအကျဉ်းထောင်မှ သုံးဘာသာဂုဏ်ထူးရှင်​ ၄ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦး ​အောင်​မြင်​ခဲ့ကြောင်း သိရသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ၂၀၁၈ ခုနှစ် တက္ကသိုလ် ဝင်ရောက်ဖြေဆိုသူ (၅၅)ဦး ရှိခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင်​ (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်​ (၄)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်​ (၁၃)ဦး နှင့် ရိုးရိုးအောင်မြင်သူ (၆)ဦး စုစုပေါင်း အောင်မြင်သူ (၂၇)ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၉.၁၀ ရာခိုင်နှုန်း ရှိသည်။

'' တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ၅၅ ယောက်မှာ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်အားပေးမှုတွေ ပါတယ်၊ ကလေးတွေက ပညာတစ်ပိုင်းတစ်စနဲ့ ထောင်ထဲရောက်လာတယ်။ သူတို့ရဲ့ ပြစ်မှုပြစ်ဒဏ်တွေ ခံနေရတဲ့ အချိန်မှ အတန်းပညာကို ဆက်ပြီးသင်ယူခွင့်ရအောင် အပြင်လောကရောက်သွားရင် တက္ကသိုလ်တွေ ဆက်တက်ရင်တက်၊ ပညာရေး အဆက်မပြတ်အောင် ဆောင်ရွက်ပေးတဲ့သဘောပါ၊ အောင်တဲ့သူတွေအတွက် ဂုဏ်ပြုပွဲလဲ လုပ်ပေးဖို့ရှိပါတယ် '' ဟု မန္တလေးဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုလိုသော အကျဉ်းသူ အကျဉ်းသားများကို ၂၀၁၆ - ၂၀၁၇ ခုနှစ် ပညာသင်နှစ်မတိုင်ခင်က ရန်ကုန် အင်းစိန်သို့ ပို့ဆောင်ဖြေဆိုစေခဲ့ကာ၊၂၀၁၆ - ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှစတင်၍ ပညာရေးဝန်ကြီးဌာန နှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အိုးဘိုအကျဉ်းထောင် စာစစ်ဌာန တစ်ခု တိုးချဲ့ပေးခဲ့ခြင်းကြောင့် အိုးဘိုအကျဉ်းထောင်အတွင်း ဖြေဆိုခွင့်ရရှိနေပြီဖြစ်သည်။

'' ထောင်ထဲက ကလေးတွေကို သွားရောက်လေ့လာဖြစ်ခဲ့တဲ့အခါမှာ ကလေးတွေက တကယ် အားမာန် အပြည့်နဲ့ ပညာကို လိုလိုလားလား ကြိုးစားသင်ယူနေတာတွေ့ရပါတယ်၊ အထဲက ဆရာတွေကလည်း သေချာသင်ပေးတယ်၊ အခြေခံပညာမှာ သင်တဲ့ အထက်တန်းပြ ဆရာ၊ ဆရာမတွေက ပိတ်ရက်တွေမှာ ကလေးတွေကို သွားပြီး ပညာသင်ပေးပါတယ်၊ ထောင်မှူးကြီးကလည်း တကယ် ကျောင်းသားတစ်ယောက်စိတ် မွေးမြူနို်င်အောင် သင်ကြားပေးခဲ့တယ်၊ ဒါကြောင့် အခု တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်လာတဲ့ အခါမှာလည်း သူတို့ရဲ့ ကြိုးစားမှု ရလဒ်ကို တွေ့မြင်ရတာပါ '' ဟု မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက ပြောသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ယခင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၇)ဦးရှိခဲ့ရာ သုံးဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ရိုးရိုးအောင်မြင်သူ (၂)ဦးရှိခဲ့ပြီး တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး ပြစ်ဒဏ်ကျန်ရှိပါက အဝေးသင် တက္ကသိုလ်ဆက်တက်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်ချက်များတွင် မန္တလေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၃၈ ဒဿမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၃၇ ဒဿမ ၅၅ ရာခိုင်နှုန်း ၊ မွန်ပြည်နယ်မှ ၃၇ ဒဿမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly