မခွဲထွက်ရေးအပါအဝင် သဘောတူညီချက်မရသေးသည့်အချက်များကို တတိယအကြိမ်ပင်လုံတွင် မဆွေးနွေးသေးဟုဆို

မခွဲထွက်ရေးအပါအဝင် သဘောတူညီချက်မရသေးသည့်အချက်များကို တတိယအကြိမ်ပင်လုံတွင် မဆွေးနွေးသေးဟုဆို

ရန်ကုန်၊ ဇွန် ၂  ။          ။ နိုင်ငံရေးကဏ္ဍတွင် ပြည်ထောင်စုမှမခွဲထွက်ရေးအချက်အပါအဝင်  တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီချက်မရသေးသည့် အချက်များကို လာမည့် တတိယအကြိမ် ၂၁ ပင်လုံတွင် ထည့်သွင်းမဆွေးနွေးသေးရန် သဘောတူညီထားကြောင်းသိရသည်။

တပ်မတော်၊ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မေလ ၃၀ ရက်နေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  တွင် အလွတ်သဘောဆွေးနွေးအပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ဆက်နိုင်ရန်သဘော တူညီခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ တပ်မတော်ဘက်ကလည်းသူတို့ပြောတာက ခွဲမထွက်ရကိစ္စကို ဆွေးနွေးကိုဆွေးနွေးရမယ်။ ကျွန်တော်တို့ ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စကို ဆွေးနွေးကို ဆွေးနွေးရမယ်။ သို့သော် ဒီကိစ္စက ကျန်တဲ့အပိုင်းတွေ တခြားသဘောတူညီမှုအပိုင်းတွေကို အရင်သဘောတူညီမှုရှာပြီးမှပဲ ရှေ့ဆက်သွားတာကောင်းတယ်ဆိုတဲ့ ကျွန်တော်တို့ သဘောစုစည်းတာကတော့  ညီလာခံကို ဆက်ကျင်းပမယ်။ သို့သော် အဲ့ဒီကိစ္စတွေကို ခဏထားခဲ့မယ်ဆိုတဲ့ စုစည်းချက်ကိုရတာဖြစ်ပါတယ်” ဟု နိုင်ငံရေးကဏ္ဍခေါင်းစဉ်အတွက် ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖြစ် တက်ရောက်လာသူ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးရန် သဘောတူညီချက်မရသေးသည့်အချက်များမှာ ဒုတိယအကြိမ် ပင်လုံတွင် တပ်မတော်ဘက်မှ တင်သွင်းခဲ့သည့် ပြည်ထောင်စုမှ မခွဲထွက်ရေး အချက်အပါအဝင် တိုင်းရင်းသားများဘက်မှ အဆိုပြုသည့် ပြည်နယ်ဖွဲ့ စည်းပုံများ၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေပိုင်း ခြားမှုကိစ္စရပ် များလည်းဖြစ်သည်။

ထို့ကြောင့် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” ဆိုသည့် အချက်အပါအဝင် ဒုတိယအကြိမ်ပင်လုံတွင် သဘောတူညီမှုမရခဲ့သည့် အချက်အချို့ကို ချန်ထားပြီး တတိယအကြိမ်ပင်လုံကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

“ ဆိုတော့ အခုနကျွန်တော်တို့ တစ်ဆို့နေတဲ့အချက်တွေက အဓိက အရေးအကြီးဆုံးအချက် လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးအချက်အချက်တွေမရရင်တောင်မှ အဲဒီလောက်နီးနီး အရေးကြီး အချက်တွေရှိပါတယ် ” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ဇူလိုင်လဆန်းပိုင်းတွင် ကျင်းပရန်ရှိနေသည့် ၂၁ ရာစုပင်လုံ တတိယအကြိမ်ညီလာခံတွင်  ဒီမိုကရေစီအခွင့် အရေး၊ အခြေခံအခွင့်အရေး၊ လူနည်းစုများ၏ အခွင့်အရေးကိုကာကွယ်ခြင်း၊ ကျား/ မတန်းတူရေး၊ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိစ္စ များကိုဆွေးနွေးသွားကြရန်ရှိကြောင်းလည်း ၄င်းက ပြောသည်။

“ ပြည်ထောင်စုမှ မခွဲထွက်ရေး” ဆိုသည့်အချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိပြီးသားဖြစ်၍ အဆိုပါအချက်ကို ထည့်သွင်းရန်မလိုဟုလည်း တိုင်းရင်းသားများဘက်မှ ခေါင်းဆောင်တချို့က သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလထဲတွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်ညီလာခံတွင် သက်ဆိုင်ရာကဏ္ဍအလိုက် စုစုပေါင်းအဆိုပြုချက် ၄၅ ချက်အနက် သဘောတူညီချက် ၃၇ ချက်ကို အတည်ပြုရရှိခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်မှာ အစိတ်အပိုင်း (၁)အနေဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သို့သော် ယခု ဇူလိုင်လဆန်းတွင်ကျင်းပရန်ရှိနေသည့် တတိယအကြိမ်ညီလာခံတွင်မူ ဒုတိယအကြိမ်ကထက် ပိုမိုသာလွန်ကောင်းမွန်တဲ့   ဆွေးနွေးချက်များရရှိလာနိုင်သည် ဟုလည်း   ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ခန့်မှန်းပြောဆိုလိုက်သည်။

ဒုတိယအကြိမ်၂၁ ရာစု ပင်လုံ ညီလာခံတွင် သဘောတူညီမှုမရခဲ့သည့်  ပြည်နယ်ဖွဲ့စည်းပုံများ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အကြား အာဏာခွဲဝေပိုင်း ခြားမှုများကို ဆက်လက်ဆွေးနွေးညှိနှိုင်းကျန်ရှိနေသေးပြီး အဆိုပါ အချက်များ မရပါက ဖက်ဒရယ်ပြည်ထောင်စုမဖြစ်လာသေးဟုလည်း ကရင်အမျိုးသားအစည်းအရုံးမှ ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly